BREAKING
October 18, 2024

မဟာချိုင်တွင် တားမြစ်အလုပ်ဝင်လုပ်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးအရေးယူမှု ပိုမိုလုပ်မည်

October 2, 2024

ပုံစာ - စက်တင်ဘာ ၂၆ ရက်နေ့က မဟာချိုင်ဈေးကြီးတွင် ဒေသအာဏာပိုင်များ စစ်ဆေးနေစဉ်။ ဓာတ်ပုံ - Naewna

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ပိုင်ခွင့်မရှိသည့် အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေမှုများအား စစ်ဆေးအရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာန များတွင် ဖော်ပြသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိသော ဆံပင်ညှပ်၊ ဈေးရောင်း၊ အလှပြင်၊ ကုန်စည် ပို့ဆောင်မှုလုပ်ငန်းများတွင် ပိုမိုဝင်ရောက်လုပ်ကိုင်နေကြသည်ဟု တိုင်ကြားမှုများရှိလာခဲ့ကြောင်း စမွတ်စခွန်ခရိုင် လွှတ်တော်အမတ်က စက်တင်ဘာလ ၂၉ ရက်နေ့တွင် ပြောသည်။

စမွတ်စခွန်ခရိုင် အလုပ်သမားရုံး၊ လဝကများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဈေးဆိုင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ်က ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

ထိုင်းသို့ တရားမဝင်လမ်းကြောင်းက ဝင်ရောက်လာပြီး ရာဇဝတ်မှုကျူးလွန်မှုများ၊ တားမြစ်ထားသောအလုပ်များကို တရား မဝင် ဝင်ရောက်လုပ်ကိုင်နေမှုများသည် ထိုင်းလုံခြုံရေးနှင့် အလုပ်အကိုင်များကိုထိခိုက်လာကြောင်း အမတ်က ဆိုသည်။

ယင်းပြဿနာများကို ဖြေရှင်းနိုင်ရေး ခရိုင်အုပ်ချုပ်ရေးမှူးထံ တင်ပြ၍ ပူးပေါင်းနှိမ်းနင်းသွားမည်ဖြစ်သလို လွှတ်တော် အလုပ်သမားအရေးကော်မတီကိုလည်း တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုင်းပြည်သူများအနေဖြင့်လည်း သတင်းပို့တိုင်ကြားကြရန် လွှတ်တော်အမတ်က တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း မဟာချိုင်နယ်တွင် စက်ရုံများ၊ ဈေးများထဲ ဝင်ရောက်စစ်ဆေးမှုများ ပိုများလာနေပြီး ဖမ်းဆီးအရေးယူမှု ပိုမိုလုပ်ဆောင်လာကြကြောင်း မဟာချိုင်ရှိ စက်ရုံတစ်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“အဖမ်းအဆီးတွေကတော့ တစ်ရက်နှစ်ရက်လည်း မဟုတ်တော့ဘူး။ နေ့တိုင်းလိုလိုဖမ်းနေတာ။ စက်ရုံတွေလည်း အကုန် ဝင်စစ်။ ကြာတော့ မဟာချိုင်ထဲမှာတောင် မလုပ်ချင်တော့ဘူး။ စိတ်ပါကုန်လာတယ်” ဟု ထားဝယ်ဒေသခံ အထက်ပါ မြန်မာအလုပ်သမားက ပြောသည်။

စမွတ်စခွန်ခရိုင်တွင် ၂၀၂၃ ခုနှစ်‌ အောက်တိုဘာလမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်အတွင်း တားမြစ်ထားသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်ကြောင်း ဆွေးနွေးပွဲတွင် အလုပ်သမားရုံးဘက်က ပြောကြားချက်ကို ထိုင်းသတင်းတွင် ဖော်ပြသည်။။

ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိသော အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေကြသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ရေးသားထားသည်။

အလှပြင်ဆိုင်၊ ဈေးဆိုင်များထဲ ဖမ်းဆီးအရေးယူမှု များပြားလာသဖြင့် မြန်မာများအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများကို တားမြစ်ထားသော အလုပ်များတွင် ဝင်မလုပ်ကြရန် Labour Rights Foundation က ကိုဇော်က အကြံပြုသည်။

“မဟာချိုင်နယ်ထဲမှာဆို အလုပ်ရှင်မှာ ဈေးရောင်းမယ်ဆိုရင်တောင် ရိုးရိုး Work permit (အလုပ်လုပ်ခွင့်) နဲ့ ဈေးသွား ရောင်းလို့ မရဘူး။ ခိုင်ခွန်နာ့လန်းလို့ခေါ်တဲ့ ဆိုင်ရှေ့ဈေးရောင်းခွင့် work permit ကို ပြောင်းရတယ်။ ဆံပင်ညှပ်တာ အလှပြင်တာတို့ဆို လုံးဝကို ခွင့်မပြုထားဘူး” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများသည် ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်၊ ဈေးရောင်း၊ ခရီးသည်ကြိုပို့ စသော တားမြစ်ထားစသောလုပ်ငန်းများကို လုပ်ပိုင်ခွင့်မရှိပေ။

တရားမဝင် ဝင်ရောက်လုပ်ကိုင်ပါက ဒဏ်ငွေ ဘတ် ငါးထောင် မှ ငါးသောင်းအထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းတွင် အလုပ်လုပ်ခွင့်လည်း ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: Naewna, PPTV HD