BREAKING
February 25, 2025

တရုတ်အဝယ်ရပ်နေ၍ ဝဥ ဈေးပြန်ကျလာ

October 2, 2024

တရုတ်ဘက်က အဝယ်ရပ်နေသဖြင့် ဒေသထွက်ကုန် ဝဥ ဈေးပြန်ကျလာသည်ဟု ဝဥစက်ရုံ လုပ်ငန်းရှင်နှင့် ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။

၂၀၂၁ ခုနှစ်မှစကာ ကိုဗစ်ကပ်ဘေး၊ စစ်အာဏာသိမ်းမှုဂယက်တို့ကြောင့် ဝဥဝယ်လိုအားစတင်ကျဆင်းခဲ့ပြီး ထားဝယ်ခရိုင်ဈေးကွက်တွင် ဝဥ တပိဿာလျှင် ကျပ် ၈၀၀ ခန့်မှ ၁၂၀၀ ဝန်းကျင်ဖြင့်သာ အရောင်းအဝယ်ရှိခဲ့သည်။

ယခုနှစ်တွင် တရုတ်ဘက်က ဝယ်လိုအားပြန်ရှိလာသဖြင့် ဝဥ စျေးပြန်ကောင်းလာပြီး ဩဂုတ်လတွင် တစ်ပိဿာ ၁၈၀၀ ကျပ်ခန့်ရှိရာမှ စက်တင်ဘာလဆန်းတွင် တပိဿာ ၃၂၀၀ ကျပ်ခန့်အထိ ဈေးကောင်းပြန်ရလာသည်ဟု ဝဥစက်ရုံ လုပ်ငန်းရှင်နှင့် ထားဝယ်မြို့မှ ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။

သို့သော် စက်တင်ဘာလ ၂၈ ရက်နေ့မှစတင်ကာ တရုတ်ဘက်က ဝဥပို့ကုန်အဝင်ပိတ်လိုက်သဖြင့် တပိဿာ ကျပ် ၂၂၀၀-၂၅၀၀ ဝန်းကျင်ခန့်အထိ ဈေးပြန်ကျလာသည်ဟု ၎င်းတို့က ပြောသည်။

“ဝဥက ၃၂၀၀ လောက်ထိဖြစ်သွားတယ်၊ ဖြစ်သွားပြီးတော့မှ အဆင်မပြေတော့ဘူး။ ဝဥက ဘယ်လိုပြောရမလဲ ပို့ဖို့အဆင်မပြေတော့ဘူး။ ဟိုဘက်ကနေပြီးတော့ ကျွန်တော်တို့ဘက်က သွင်းဖို့ဟာ သူတို့ကဘမ်း(ပိတ်)ထားတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဘယ်လိုပြောရမလဲ ကျွန်တော်တို့ကို တရားဝင် မကန့်သတ်ထားပေမယ့် ပေးမဝင်ဘူးဖြစ်နေတယ်” ဟု မော်လမြိုင်မြို့က ဝဥစက်ရုံလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာပြည်ကထွက်သည့် ဝဥကို တရုတ်နိုင်ငံက အဓိက အများဆုံးဝယ်ယူနေသဖြင့် တရုတ်ဝယ်လက်ကို မှီခိုနေရသည်။

သို့သော် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြားတွင် ဝဥကို တရားဝင်ပို့ကုန်အဖြစ် နှစ်နိုင်ငံသဘောတူညီချက် မရှိသဖြင့် တရုတ်ဘက်က တင်ပို့ခွင့်ပြုမှသာ မြန်မာကုန်သည်များဘက်က တင်ပို့ရောင်းချခွင့်ရသည်ဟု စက်ရုံပိုင်ရှင်က ဆိုသည်။

“ဟိုဘက်ခြမ်းမှာက ပို့လို့ရမယ် မရမယ်မသိဘူး။ စက်ရုံတွေက ငွေဈေးကောင်းတယ်ဆိုပြီးတော့ ဝယ်ကြတာလေ။ ဝယ်ပြီးတော့ အခုကျွန်တော်တို့ စက်ရုံတွေမှာ အခြောက်ဖြစ်သွားတော့ ပို့လို့မရတဲ့အခါကျတော့ အားလုံးက ဘယ်လိုပြောရမလဲ Breakdown ပေါ့ အားလုံးရပ်ဆိုင်းကုန်ကြတယ်၊ ဘယ်ကောင်မှ ထပ်မဝယ်ရဲတော့ဘူး” ဟု ဈေးကွက်အခြေအနေကို ၎င်းက ရှင်းပြသည်။

ယင်းကြောင့် ပြည်တွင်းမှာ ဝဥဈေးပြန်ကျလာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် ဝဥကို သီးခြားစိုက်ပျိုးသူနည်းပြီး သဘာဝအလျောက် အလေ့ကျပေါက်သည့် ဝဥကို ဒေသခံများက တူးဖော်ရောင်းချခြင်းဖြစ်သည်။

ပွဲရုံနှင့် စက်ရုံများက ဝဥအခြောက်ပြုလုပ်ကာ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေခြင်းဖြစ်သည်။

ဝဥကို ခေါက်ဆွဲခြောက်၊ အသားတု၊ အသားလုံးစသဖြင့် စားသောက်ကုန်များထုတ်လုပ်သလို အလှကုန်နှင့် ဆေးဝါးထုတ်လုပ်များတွင်လည်း အသုံးပြုကြသည်။