BREAKING
January 23, 2025

အီရန်က အစ္စရေးကို ဒုံးကျည် ၁၈၀ ကျော်ဖြင့်တိုက်ခိုက်၊ လက်တုံ့ပြန်မည်ဟု အစ္စရေးပြော

October 2, 2024

အီရန်က အစ္စရေးနိုင်ငံအတွင်းသို့ ပဲ့ထိန်းဒုံးကျည် ၁၈၀ ကျော်ဖြင့် ယမန်နေ့ (အင်္ဂါနေ့) ညတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်လက်တုံ့ပြန်မည်ဖြစ်ကြောင်း အစ္စရေးဘက်က ပြောဆိုလိုက်သည်။

ဧပြီလက အစ္စရေးအပေါ် အီရန်၏ ဒုံးကျည်တိုက်ခိုက်မှုပြီးနောက် ယခုနှစ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်သည်။

ယခုတိုက်ခိုက်မှုသည် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah နှင့် အခြားပုဂ္ဂိုလ်များကို အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့သည့်အတွက် တုံပြန်ခြင်း ဖြစ်ကြောင်း အီရန်ဘက်က ပြောသည်။

အင်္ဂါနေ့ညတွင် လေကြောင်းတိုက်ခိုက်မှုအချက်ပြ ဥဩဆွဲသံနှင့် အစ္စရေးနိုင်ငံအနှံ့ ညကောင်းကင်ယံထဲ ဒုံးကျည်များ ဝင်ရောက်လာခဲ့ပြီး အစ္စရေးနိုင်ငံသားများ ဗုံးခိုကျင်းတွေထဲ ဝင်ရောက်နေရာယူခိုလှုံခဲ့ကြသည်။

အင်္ဂါနေ့ညက တိုက်ခိုက်မှုအတွင်း အီရန်ဘက်က အစ္စရေးနိုင်ငံထဲသို့ ဒုံးကျည်ပစ်ခတ်မှု အကြိမ်ရေ ၁၈၀ ဝန်းကျင်အထိ ပြုလုပ်ခဲ့သည်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF) က ခန့်မှန်းသည်။

ဒုံးကျည်တိုက်ခိုက်မှုအများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အချို့သာ မြေပြင်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု အစ္စရေးဘက်က ပြောသည်။

ယခုကဲ့သို့ တိုက်ခိုက်ခံရမှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအချို့ ရှိခဲ့သည်ဟု အစ္စရေးစစ်တပ်က ဆိုသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “ဒီညမှာအီရန်က အမှားကြီးတစ်ခု လုပ်လိုက်မိပြီ။ ဒီအတွက် အီရန်ဘက်က ပြန်ပေးဆပ်ရမယ်” ဟု ပြောဆိုခဲ့သည်။

အစ္စရေးဘက်က ယခုကဲ့သို့ ကြုံးဝါးပြီးနောက် ၎င်း၏ မဟာမိတ်နိုင်ငံများအကြား အရှေ့အလယ်ပိုင်းပဋိပက္ခ ပိုမိုတင်းမာကျယ်ပြန့်လာမည့်အပေါ် စိုးရိမ်မှု မြင့်တက်လာခဲ့သည်။

အင်္ဂနေ့ည တိုက်ခိုက်မှုမှာကြာချိန် တိုတောင်းခဲ့သော်လည်း လက်ရှိတင်းမာနေသည့် အရှေ့အလယ်ပိုင်း ပဋိပက္ခကို ပိုမိုအရှိန်မြင့်လာစေမည်မှာ ထင်ရှားသည်။ အီရန်ကျောထောက်နောက်ခံပေးထားသည့် ဟားမတ် ၊ ဟစ်ဇ်ဘိုလာ စသည့်အဖွဲ့များနှင့် အစ္စရေးအကြားက ပဋိပက္ခသည် ပိုမိုကျယ်ပြန့်သည့် ဒေသတွင်း စစ်ပွဲအသွင် ပြောင်းလဲလာနိုင်သည်ဟု နိုင်ငံတကာအသိုင်းအဝိုင်း၏ သတိပေးချက်များ ယခင်ကတည်းက ရှိနေခဲ့သည်။

အစ္စရေးဘက်က မည်သို့တုံ့ပြန်လာမည်ကို အားလုံးက စောင့်ကြည့်နေပြီ ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် စစ်ရေးပဋိပက္ခပိုမိုကျယ်ပြန့်ကြီးထွားလာပြီး ကမ္ဘာ့ရေနံဈေးကွက်ထိခိုက်လာမလား စိုးရိမ်မှုနှင့်အတူ ယနေ့တွင် ရေနံဈေးနှုန်းမြင့်တက်လာခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားပြီး ညတွင်းချင်းမှာပင် ရေနံဈေးနှုန်း ၃ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့သည်။

အီရန်နိုင်ငံသည့် ကမ္ဘာ့ရေနံတင်ပို့သည့်နိုင်ငံများအသင်း(OPEC) အဖွဲ့ဝင်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင်း အဓိကရေနံတင်ပို့သည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။

Ref: CNN, Associated Press, Reuters