တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို ပြောင်းရွှေ့နေထိုင်သူများလာ၍ အိမ်ငှားခဈေးနှုန်း သိသိသာသာ မြင့်တက်လာကြောင်း မောတောင်မြို့ခံများထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားမှုနည်းပါးပြီး နယ်မြေတည်ငြိမ်နေခြင်း၊ နယ်စပ်ကုန်သွယ်ရေး ပုံမှန်နီးပါးလည်ပတ်နေခြင်း စသည့်အကြောင်းများကြောင့် အခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူ များလာကြောင်း မြို့ခံများက ပြောသည်။
မောတောင်မြို့၏ အိမ်ငှားခနှုန်းထားမှာ ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှစကာ လက်ရှိအချိန်အထိ သိသိသာသာ ဈေးတက်လာခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ် အိမ်ငှားခအဖြစ် တစ်လလျှင် ဘတ် ၁၀၀၀ နှင့် ၁၅၀၀ ကြားသာရှိရာက လက်ရှိအချိန်တွင် ၂၅၀၀ ဘတ်နှင့် ဘတ် ၃၀၀၀ ကြားဖြစ်လာကြောင်း မြို့ခံများထံမှ သိရသည်။
“မြိတ်၊ ပုလော၊ တနင်္သာရီက သူတွေအပြင် အထက်(တိုင်းပြင်ပ)ဘက် မြဝတီတို့ဘက်ကသူတွေပါ လာငှားနေကြတာမျိုး ရှိလာတယ်” ဟု မောတောင်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
ထိုအပြင် အချက်အချာကျပြီး စီးပွါးရေးလုပ်ရန် အဆင်ပြေနိုင်သည့် နေရာများတွင် အိမ်ငှားခမှာ တစ်လလျှင် ဘတ် ၈၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ၎င်းက ဆိုသည်။
မောတောင်မြို့မှာ ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်မြို့ဖြစ်သည့်အတွက် မြန်မာကျပ်ငွေထက် ထိုင်းဘတ်ငွေကို အဓိကထား သုံးစွဲကြသည်။
ယင်းအပြင် တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် တနင်္သာရီဒေသခံများ ပြောင်းရွှေ့နေထိုင်လာကြခြင်း၊ အဓမ္မစစ်မှုထမ်းဖို့ရှိလာပါက ရွှေ့ပြောင်းရလွယ်ကူခြင်း စသည့်အခြေအနေများကြောင့် မောတောင်ဒေသတွင် ပြောင်းရွှေ့နေထိုင်သူများလာကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။
“စီးပွားရေးကလည်း လုပ်ဖို့ကောင်းတယ်လေ။ ပြီးတော့ ဘတ်ဈေးတွေတက်နေတာ၊ မြဝတီမှာအခြေအနေမကောင်းတော့ ကုန်ကားတွေက ဒီကနေ အသွားအလာများလာတာနဲ့ဆိုတော့ ဒီဘက်မှာပိုစည်လာတာပေါ့” ဟု ၎င်းက ဆိုသည်။
တနင်္သာရီတိုင်းတွင် နယ်စပ်ကုန်သွယ်ရေးစခန်း သုံးခုရှိရာ မောင်တောင်နယ်စပ်နှင့် ကော့သောင်နယ်စပ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိနေပြီး ထားဝယ်ခရိုင်ရှိ ထီးခီးနယ်စပ်စခန်းတွင် ကုန်သွယ်မှုရပ်ဆိုင်းနေသည်။