BREAKING
October 18, 2024

မြန်မာလုပ်သားလေးဦး၏ ဘဏ်စာအုပ်များကို ထိုင်းပွဲစားက အဓမ္မသိမ်းယူ

October 2, 2024

ထိုင်းပွဲစားက မြန်မာအလုပ်သမားလေးဦး၏ ပတ်စ်ပိုစ့်များဖြင့် ဘဏ်အကောင့်များ အတင်းဖွင့်ခိုင်းကာ ဘဏ်စာအုပ်များကို အဓမ္မသိမ်းယူထားသဖြင့် ကူညီဖြေရှင်းပေးနေရကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား လေးဦးသည် ဘန်ကောက်မြို့အနီး နွန်ထဘူရီခရိုင်တွင် နေထိုင်နေစဉ် အလုပ်မရှိသေးသဖြင့် အလုပ်ရှာဖွေပေးရန် မြန်မာပွဲစားတစ်ဦးထံ ချိတ်ဆက်ခဲ့ကြောင်း၊ မြန်မာပွဲစားမှတစ်ဆင့် ထိုင်းပွဲစားတစ်ဦးထံ ချိတ်ဆက်ပေးခဲ့ပြီးနောက် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထိုင်းပွဲစားက မြန်မာအလုပ်သမားများကို ကားဖြင့် လာခေါ်ခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

ထိုင်းပွဲစားက မြန်မာအလုပ်သမားများကို ဘဏ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့၏ နိုင်ငံကူးလက်မှတ်စာအုပ်များဖြင့် ဘဏ်အကောင့်များကို အတင်းအကျပ်ဖွင့်စေခဲ့ကြောင်း သိရသည်။

ယင်းနောက် ဘဏ်စာအုပ်များကို ထိုင်းပွဲစားက အဓမ္မသိမ်းယူခဲ့ပြီး အလုပ်သမားများကို ကားပေါ်တင်ကာ အကြောင်းပြချက်မရှိဘဲ နာရီအတော်ကြာ လှည့်ပတ်မောင်းနေခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

အလုပ်သမားများက ထိုင်းပွဲစားကို သွားရောက်မည့်နေရာအား မေးမြန်းသော်လည်း မဖြေကြားသဖြင့် အန္တရာယ်ဖြစ်မည်စိုးရိမ်လာခဲ့ရာမှ MHAC မဟာမိတ်အဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့ကြောင်း အဖွဲ့ထံမှ သိရသည်။

MHAC မဟာမိတ်အဖွဲ့ကလည်း ထိုင်းပွဲစားကို ဖုန်းမှတစ်ဆင့် ကားရပ်ပေးရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း မရပ်ပေးသဖြင့် မြန်မာအလုပ်သမားများကို ကားမှန်ရိုက်ခွဲပြီး ခုန်ဆင်းရန် ပြောကြားခဲ့ရကြောင်း MHAC အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ပြောသည်။

ည ၈ နာရီအချိန်ခန့် အလုပ်သမားများ ကားမှန်ရိုက်ခွဲသည့်အချိန်မှသာ ထိုင်းပွဲစားက ဘန်ကောက်မြို့ရှိ မြဘုရားအနီးတွင် ကားရပ်၍ မြန်မာအလုပ်သမားများကို ပြန်ထားရစ်ခဲ့ခြင်းဖြစ်ကြောင်း ကိုရဲမင်းက ပြောသည်။

“နောက်ဆုံး မင်းတို့ကို (ထိုင်းပွဲစား) အာဏာပိုင်တွေနဲ့ တိုင်မယ် ဖမ်းမယ်ဆိုမှ ကျွန်တော့်လူတွေ (အလုပ်သမား) ကလည်း ကားမှန်တွေ ထုခွဲလိုက်မှ ကားရပ်ပေးတာ။ လမ်းလယ်ကောင်မှာပဲ။ အဝတ်အစားထုပ်တွေတောင် ကားပေါ် ပါသွားသေးတယ်” ဟု ၎င်းက ဆိုသည်။

အလုပ်သမားများကို MHAC မဟာမိတ်အဖွဲ့က ညတွင်းချင်း သွားရောက်ခေါ်ဆောင်ခဲ့ပြီး ရုံးတွင် ကူညီပေးထားကာ သက်ဆိုင်ရာကို တိုင်ကြားနေကြောင်း ၎င်းက ဆိုသည်။

အဆိုပါလုပ်ရပ်သည် အွန်လိုင်းလောင်းကစားနှင့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်မှုများနှင့် ပတ်သက်မှုရှိနိုင်ကြောင်း MHAC မဟာမိတ်အဖွဲ့က ကောက်ချက်ချထားသည်။

ထိုင်းနိုင်ငံတွင် လောင်းကစားပြုလုပ်နေသော ဘဏ်အကောင့်များကို ပိတ်သိမ်းမှုများ များပြားလာနေသဖြင့် နောက်ထပ် အွန်လိုင်းလောင်းကစားများ ပြုလုပ်ရန် မြန်မာအလုပ်သမားများကို ပစ်မှတ်ထား၍ ဘဏ်အကောင့်များ ပြုလုပ်စေကာ ရောင်းဝယ်မှုများ ပိုမိုဖြစ်ပေါ်လာနေကြောင်း ကိုရဲမင်းက ပြောသည်။

“အလုပ်စမတ်ပေးတာ အလုပ်ရှာပေးတာကို အကြောင်းပြပြီးတော့ မြန်မာပြည်သားတွေကို ဘဏ်စာအုပ်တွေ ဖွင့်စေပြီးတော့ စာအုပ်တွေကို ကျားဖြန့်တွေ အွန်လိုင်းလောင်းကစားတွေကို ပြန်ရောင်းစားနေတဲ့ အုပ်စုပေါ့။ ဂိုဏ်းတစ်ခုလိုဖြစ်နေတယ်” ဟု အဖွဲ့ခေါင်းဆောင် ကိုရဲမင်းက ဆိုသည်။

လက်ရှိတွင် ပွဲစားများနှင့် အွန်လိုင်းလောင်းကစားအဖွဲ့များနှင့် ပူးပေါင်း၍ မြန်မာအလုပ်သမားများကို ပစ်မှတ်ထားလိမ်လည်မှုများ ပိုများလာနေပြီး ဘဏ်စာအုပ်အလွဲသုံးစား အလုပ်ခံရမှုများ ပိုများလာနေကြောင်း ၎င်းကဆိုသည်။

အလုပ်သမားများသည် ၎င်းတို့ကိုယ်တိုင်ပင် မသိလိုက်ပဲ ဘဏ်စာအုပ်ထဲ ငွေဘတ် သန်းချီ စီးဆင်းမှုရှိနေပြီး အွန်လိုင်းလောင်းကစားအမှုများဖြင့် တရားစွဲခံထားရသဖြင့် ဖြေရှင်းပေးနေရဆဲ အမှုများရှိကြောင်း မြန်မာအလုပ်သမားရေး ဆောင်ရွက်နေသော အဖွဲ့များထံမှ သိရသည်။

ပြီးခဲ့သော ရက်ပိုင်းကလည်း မြန်မာအလုပ်သမား ၅၀ ကျော်၏ ဘဏ်အကောင့်နှင့် စာအုပ်ပေါင်း ၁၀၀ ကျော်ကို ပွဲစားက သိမ်းယူသွားသဖြင့် စာအုပ်များ၊ ဘဏ်အကောင့်များကို ပိတ်ပေးရန် ထိုင်းအာဏာပိုင်အဖွဲ့အစည်းများထံ တိုင်ကြား၍ ကူညီဖြေရှင်းရကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများအနေဖြင့် မိမိတို့၏ နိုင်ငံကူးလက်မှတ်စာအုပ်များဖြင့် ဖွင့်လှစ်ထားသော ဘဏ်အကောင့်များကို အခြားသူများကို ပေးအပ်ခြင်းမပြုရန် အထူးသတိပြုရမည်ဖြစ်ကြောင်း အလုပ်သမားကူညီရေးအဖွဲ့များက သတိပေးထားသည်။