BREAKING
January 15, 2025

ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးကို DGRF က သတ်သည်ဟုဆို

October 2, 2023

ထားဝယ် ထောင်အသစ်ဆောက်သည့်နေရာတွင် အလုပ်လာလုပ်လာသည့် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က သတ်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့် DGRF နှင့် နီးစပ်သူတစ်ဦးတို့က ပြောသည်။

အကျဉ်းသားငါးဦးအတူလာသည့် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အကျဉ်းသားငါးဦးကိုမူ လွှတ်ပေးလိုက်ခြင်း ရှိမရှိ အသေးစိတ် အခြေအနေကို မသိရသေးကြောင်း DGRF နှင့် နီးစပ်သည့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာအနီးတွင် ဆောက်လုပ်နေသည့် အကျဉ်းထောင်သစ်တွင် အလုပ်လုပ်ရန်အတွက် အကျဉ်းသားငါးဦးနှင့်အတူ ထောင်ဝန်ထမ်းနှစ်ဦးတို့ စက်တင်ဘာလ ၃၀ ရက်က ထွက်ခွာလာစဉ် ရေဝိုင်းရွာသွား လမ်းပေါ်ရှိ ရထားလမ်းအနီးတွင် အသတ်ခံရခြင်းဖြစ်သည်။

ယင်းသို့ ဖြစ်ပွားပြီး နောက်တစ်ရက် အောက်တိုဘာလ ၁ရက်တွင် အခင်းဖြစ်ပွားရာနေရာအနီးတဝိုက်ကို စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်နှင့် DGRF၊ ထားဝယ်ခရိုင်တပ်ရင်း (၁) ၊ ဥဩစစ်ကြောင်းတို့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ယင်းအဖွဲ့များနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရသည့်ကိစ္စနှင့်ပက်သက်ပြီး DGRF အဖွဲ့ထံ ဆက်သွယ်မေးမြန်းရာ တပ်ရင်းမှူး၏ ခွင့်ပြုချက်ရပြီးမှသာ ထုတ်ပြန်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။