BREAKING
September 20, 2024

ရာမညတပ်ခေါင်းဆောင်လုပ်ကြံခံရမှု စုံစမ်းဖော်ထုတ်ရန် မွန်ပြည်ကာကွယ်ရေးတပ်ပြော

October 2, 2023

ပုံစာ - နိုင်ချမ်း

ရာမညတပ် (RA) ခေါင်းဆောင် နိုင်ချမ်း လုပ်ကြံသတ်ဖြတ်ခံရမှုကို စုံစမ်းဖော်ထုတ်ကြရန် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က အောက်တိုဘာလ ၁ ရက်တွင် သဘောထားထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

ရာမညတပ်ခေါင်းဆောင် နိုင်ချမ်းသည် စက်တင်ဘာလ ၂၄ရက် နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ အလယ်စခန်း ကျေးရွာအုပ်စု၊ မရော့ချိုင်းရွာအနီးတွင် ဆိုင်ကယ်မောင်းနှင်လာစဉ် ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း နီးစပ်သူတို့ ထံမှ သိရသည်။

“လုပ်ကြံခံရပြီး သေဆုံးသွားတာပဲ အတည်ပြုလို့ရတယ်။ ရုပ်အလောင်းလည်း ပြန်မရဘူး။ သတင်းကလည်း အမျိုးမျိုးဖြစ်နေတယ်” ဟု MSDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆိုင်ကယ်တစ်စီးနှင့်အတူ သွေးအိုင်ထဲတွင် လဲကျသေဆုံးနေသည့် နိုင်ချမ်း၏ ဓာတ်ပုံ စက်တင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ သတင်းအမျိုးမျိုး ထွက်နေသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရာမညတပ်ဖွဲ့ဝင်အချို့ကို မေးမြန်းရန် Dawei Watch က ဆက်သွယ်နေသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

MSDF ၏ သဘောထားထုတ်ပြန်ချက်တွင်မူ တပ်ဖွဲ့ဝင် အချင်းချင်းဖြစ်စေ၊ တခြားတပ်ဖွဲ့တစ်ခုခုက ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က ဖြစ်စေ လုပ်ကြံသတ်ဖြတ်မှုမှာ မဖြစ်သင့်သည့် အကျင့်ဆိုး၊ စရိုက်ဆိုးဖြစ်ပြီး အဆိုပါလုပ်ကြံသတ်ဖြတ်မှုကို ရှုတ်ချကြောင်းလည်း ဖော်ပြသည်။

ယင်းအပြင် ရာမညတပ် ခေါင်းဆောင် နိုင်ချမ်း၏ ရုပ်အလောင်းနှင့် လက်နက်များကို သိမ်းဆည်းထားသည့်အဖွဲ့အစည်းက နိုင်ချမ်းမည်ကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ကို မွန်ပြည်သူတစ်ရပ်လုံး သိရှိနိုင်ရန် စစ်ဆေးပြီး ထုတ်ပြန်ပေးရန် တိုက်တွန်းထားသည်။

နိုင်ချမ်း ဦးဆောင်သည့်ရာမညတပ်ဖွဲ့နှင့် တနင်္သာရီဒေသတပ်ဖွဲ့တို့သည် ယခုနှစ် ဧပြီလဆန်းတွင် မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့်အတူ တိုက်ပွဲဝင်ရန် သဘောတူထားသည့် တပ်ဖွဲ့များအဖြစ် ပူးပေါင်းခဲ့ကြ သည်။

ပုံစာ – နိုင်ချမ်း