BREAKING
January 15, 2025

ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီး အကျဉ်းသားငါးဦးထွက်ပြေးလွတ်မြောက်

October 2, 2023

ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး စက်တင်ဘာလ ၃၀ ရက်က အသတ်ခံရပြီး အကျဉ်းသားငါးဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း ယနေ့ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၊ အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးတို့က ပြောသည်။

ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာအနီးမှာ အကျဉ်းထောင်သစ်ဆောက်လုပ်သည့်နေရာတွင် အလုပ်လုပ်ရန်အတွက် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးနှင့် အကျဉ်းသားငါးဦး ထွက်သွားပြီးနောက် ထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဝန်ထမ်းနှစ်ယောက်ရဲ့ အလောင်းပြန်ရသွားပြီ။ အကျဉ်းထောင်မှာ အသုဘလုပ်နေတယ်။ အလုပ်လုပ်ဖို့ ခေါ်ဆောင် တယ်ဆိုတာက အခြားအမှုတွေလောက်ပဲ ခေါ်ဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မခေါ်ဆောင် တတ်ဘူး။ အဲဒီလို ပြင်ပကိုခေါ်ဆောင်တာတွေက လနည်းနည်းကျတဲ့ အကျဉ်းသားတွေကိုပဲ ခေါ်ဆောင်တတ်တယ်” ဟု ယနေ့လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောဆိုသည်။

ထားဝယ်အကျဉ်းထောင်တွင် ယနေ့ အောက်တိုဘာလ ၂ရက်တွင် အသုဘကျင်းပနေပြီး အကျဉ်းသားငါးဦး ထွက်ပြေးလွတ်မြောက်သည်မှာ မှန်ကန်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားငါးဦး၏ အမှုနှင့် မည်သူမည်ဝါဖြစ်သည်ဆိုသည့် အသေးစိတ်အချက်များကိုမူ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

ညအိပ်တန်းပိတ်ချိန်အထိ ထောင်ဝန်ထမ်းနှစ်ဦးနှင့် အကျဉ်းသားပြန်မရောက်လာသလို ဝန်ထမ်းနှစ်ဦးကိုလည်း ဖုန်းဆက်သွယ်မရသဖြင့် စစ်ကောင်စီတပ်ဖွဲ့က သွားရောက်ကြည့်ရှုရာမှာ ထောင်ဝန်ထမ်းနှစ်ဦးလုံး အသတ်ခံထားရသည်ကိုတွေ့ရပြီး အကျဉ်းသားများထွက်ပြေးလွတ်မြောက်သည်ကိုတွေ့ရကြောင်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တို့တွင် ရေးသားထားသည်။

အခင်းဖြစ်ရာ အနီးဝန်းကျင်ရှိ ဒေသခံတစ်ဦးကလည်း ထောင်အသစ် ဆောက်လုပ်ရာနေရာတွင် အကျဉ်းထောင် ဝန်ထမ်းနှစ်ဦးအသတ်ခံရပြီး အကျဉ်းသားငါးဦးလွတ်မြောက်သွားသည့် သတင်းကြားရကြောင်း ပြောဆိုသည်။