BREAKING
September 16, 2024

သထုံတွင် ခရီးသည်တင်ယာဉ်တစ်စီး မိုင်းဆွဲခံရ၊ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

September 2, 2024

ပုံစာ - စက်တင်ဘာလ ၁ရက်ညက မိုင်းဆွဲတိုက်ခိုက်ခံရသည့် ခရီးတင်ကား။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် စက်တင်ဘာလ ၁ ရက်နေ့ ညက ခရီးသည်ယာဉ်ငယ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အမျိုးသားနှစ်ဦးသေဆုံးကာ ခရီးသည် လေးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယမန်နေ့ ည ၈ နာရီခွဲခန့်က ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသည့် ခရီးသည်ယာဉ်ငယ်သည် ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြား အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ခရီးသည်တင်ယာဉ်ငယ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ယာဉ်မောင်း ဖြိုးဝေကျော်နှင့် ခရီးသည်အမျိုးသားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ယာဉ်မောင်းနဲ့ ခရီးသည်အမျိုးသားတစ်ဦးကတော့ သေသွားတယ်။ ဒဏ်ရာရတာက အမျိုးသမီးလေးဦး၊ အဲဒီအထဲမှာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ အသက် ၄ လနှင့် အသက် ၄ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် ခရီးသည် အမျိုးသား၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၁၃ ဦး လိုက်ပါစီးနင်းလာကြောင်း ဒေသခံတို့က ပြောဆိုသည်။

ထိခိုက်သေဆုံးသူများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ခရီးသည်တင်ကားအား မိုင်းဆွဲတိုက်ခိုက်မှုကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။

သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ် မော်လမြိုင်-ရန်ကုန်ကားလမ်းတစ်လျှောက်တွင် ခရီးသည်တင်ကား၊ လူမှုကယ်ဆယ်ရေး ကား မိုင်းဆွဲ ပစ်ခတ်ခံရသည့်ဖြစ်စဉ် မကြာခဏဖြစ်ပွားလေ့ရှိပြီး ခရီးသွားများ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်းက ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် သထုံအခြေစိုက် အကြင်နာတွဲလက် ပရဟိတအသင်းကား ပစ်ခတ်ခံရပြီး ယာဉ်မောင်းနှင့် လူနာဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အလားတူ ဧပြီလကလည်း ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကား တစ်စီး မိုင်းဆွဲခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရမှုကြောင့် ယာဉ်နောက်လိုက်တစ်ဦးသေဆုံးပြီး၊ ယာဉ်မောင်းအပါအဝင် ခရီးသည် လေး ဦး ဒဏ်ရာရခဲ့သည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်တို့တွင် ကားများ မိုင်းဆွဲခံရသည့်အပြင် တံတား မိုင်းခွဲဖျက်ဆီးခံရသည့် ဖြစ်စဉ်လည်း မကြာခဏဖြစ်ပွားနေသည်။