BREAKING
January 13, 2025

စစ်ကောင်စီတပ်က ဖမ်းသွားသည့် ဆင်ထိုးကြီးရွာသား ထွက်ပြေးလွတ်မြောက်

September 2, 2024

ပုလောမြို့နယ်၊ ပလောက်မြို့အနီး မြိတ်-ထားဝယ်ကားလမ်းဘေး ဆင်ထိုးကြီးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေစဉ် ဖမ်းဆီးခံလိုက်ရသည့် ကိုသန်းထိုက်မှာ ထွက်ပြေးလွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။

ဩဂုတ်လ ၁၂ ရက်နေ့က ပလောက်မြို့မှ ဆင်ထိုးကြီးရွာဘက်ကို တစ်ကျော့ပြန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA/PDF ပူးပေါင်းတပ်တို့အကြား ဩဂုတ်လ ၁၆ ရက်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ကိုသန်းထိုက်မှာ ဆင်ထိုးကြီးကျေးရွာ ဘုန်းကြီးကျောင်းအနီး နေထိုင်ပြီး အိမ်တွင် တစ်ယောက်တည်း ကျန်နေချိန် စစ်ကောင်စီတပ်ကတွေ့ပြီး ဩဂုတ်လ ၁၄ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ကိုသန်းထိုက်နှင့် အိမ်နီးချင်း အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်တပ်က ဘုန်းကြီးကျောင်းနားမှာ မိုင်းနင်းမိတယ်။ အဲ့နားက အိမ်တွေကိုရှာတော့ သူ့ကိုတွေ့ပြီး၊ တစ်ရွာလုံးစစ်ပြေးရှောင်ချိန် သူတစ်ယောက်တည်း ကျန်နေတယ်ဆိုတော့ သူ့ကို မိုင်းထောင်တဲ့သူဆိုပြီး ဖမ်းထားတာတဲ့၊ အဲ့မှာသူ့ကို ရိုက်နှက်စစ်ဆေးတာတွေရှိတယ်၊ ဩဂုတ်လ ၂၈ ရက်မှာ အာရုံတက်ချိန်လောက်မှာ သေးပေါက်သလိုလိုနဲ့ ထွက်ပြေးလာတာလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအချိန်ထိ ဆင်ထိုးကြီးကျေးရွာအုပ်စု ဘုရင့်တောင်ရွာတွင် စစ်ကောင်စီတပ် ဆက်လက်ရှိနေပြီး ပြီးခဲ့သည့်ရက်ပိုင်းကလည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ကိုသန်းထိုက်မှာ ဘုရင့်တောင်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်လက်မှ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်သည်။

ဆင်ထိုးကြီးကျေးရွာအုပ်စု ထားဝယ်-မြိတ်သွား ကားလမ်းဘေး အင်းမရွာက မြိတ်စီးပွားရေးလုပ်ငန်းရှင် ဦးလှသန်းပိုင် ရော်ဘာစိုက်ပျိုးထုတ်လုပ်နေသည့် ပြည့်ဖြိုးထွန်း ကုမ္ပဏီအဆောက်အအုံကို KNLA တပ်က ဝင်ရောက်စီးနင်းထားသဖြင့် စစ်ကောင်စီတပ်က ဩဂုတ်လ ၁ ရက်တွင် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

ဩဂုတ်လ ၆ ရက်အထိနှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အရပ်သား သုံးဦးသေဆုံးခဲ့သည်။