BREAKING
September 18, 2024

လောင်းလုံး ရွာနှစ်ရွာက နေအိမ်ရှစ်ဆောင်ထက်မနည်းမီးရှို့ခံရပြီး အမျိုးသားနှစ်ဦးအသတ်ခံရ

September 2, 2024

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုရှိ ဖွားဘုတ်ပြင်နှင့် ဘူချိုင်းရွာနှစ်ရွာက နေအိမ်ရှစ်ဆောင်ထက်မနည်း မီးရှို့ခံထားရပြီး အမျိုးသားနှစ်ဦးလည်း အသတ်ခံထားရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၃၁ ရက်နေ့ကစ၍ မီးရှို့ခဲ့ခြင်းဖြစ်ပြီး ဖွားဘုတ်ပြင်ရွာတွင် နေအိမ် ငါးဆောင် ဘူချိုင်းရွာတွင် နေအိမ် သုံးဆောင်ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အခု ကျွန်မတို့သိထားတဲ့ အရေအတွက်ပဲ ရှိသေးတယ်။ မြေပြင်မှာ အဲဒီထက်ပိုများနိုင်တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် နေအိမ်မီးရှို့ ခဲ့သည့်အပြင် စက်တင်ဘာလ ၁ ရက်နေ့က ဖွားဘုတ်ပြင်ရွာသား အသက် ၅၀ ဝန်းကျင် အရွယ်ရှိ ဦးကျော်သန်းကိုလည်း ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“သူက ရွာမှာ နွားကျောင်းပြီး သူ့ဘာသာသူ အေးဆေးနေတာ။ သူ့ကိုလည်းပစ်သတ်ခဲ့တယ်” ဟု ဒေသခံအခြားတစ်ဦးက ပြောသည်။

ယင်းနောက် စွန်တောင်ပေါ်ရွာနှင့် ဖွားဘုတ်ပြင်ရွာကြားတွင် နှိပ်စက်ပြီး ဒဏ်ရာများဖြင့် စွန်ပစ်ခံထားရသည့် အလောင်းတစ်လောင်းကိုလည်း ထပ်မံတွေရသေးကြောင်း ဒေသခံများက ပြောဆိုသည်။

“မော်တုံးကုန်းလို့ခေါ်တဲ့ ချောင်းထဲမှာ ဘယ်သူဘယ်ဝါမှန်းတောင်မသိဘူး၊ အဲဒါ သူတို့ စဝင်တဲ့နေ့က တွေ့ရတာ နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ (သေဆုံးနေတာ) “ ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် ဖွားဘုတ်ပြင်နှင့် ဘူချိုင်းရွာ နှစ်ရွာက ဒေသခံ တစ်ဆယ်ကျော်ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ဩဂုတ်လ ၂၈ ရက်နေ့ကစပြီး စခန်းကြီးကျေးရွာအုပ်စုကို စစ်ကြောင်းထိုးနေပြီး ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်။