BREAKING
September 16, 2024

စစ်မှုထမ်းအကျုံးဝင်သည့် လူငယ်အမျိုးသားများ ကော့သောင်းနယ်စပ်ဖြတ်သန်းခွင့်ပိတ်

September 2, 2024

ပုံစာ - ကော့သောင်း-ရနောင်းသွားနေသည့် ပဲ့ချိတ်လှေများ။

စစ်မှုထမ်းအသက် အကျုံးဝင်နေသော လူငယ်အမျိုးသားများကို ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ထွက်ခွင့်အား ယနေ့စတင် ပိတ်ပင်လိုက်ကြောင်း မြို့ခံများထံမှသိရသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသော အမျိုးသားများကို ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ဖြင့် ဖြတ်သန်းသွားလာမှုကို ကော့သောင်းနယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံဌာနများက ယနေ့ စက်တင်ဘာလ ၂ ရက် နံနက်မှစတင်ကာ ကန့်သတ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ယာယီနယ်စပ်ဖြတ်သန်းသန်းခွင့်လက်မှတ်ဖြင့် သွားလာသူများကိုသာ ပိတ်ထားခြင်းဖြစ်ပြီး ၁၄ ရက်သက် တမ်းရှိ Boder Pass စာအုပ်ဖြင့် သွားလာသူများကိုမူ သွားလာခွင့်ပြုထားကြောင်း TBP ကိုင်ဆောင်ထားပြီး ဖြတ်သန်းခွင့် မရသည့် ကော့သောင်းဒေသခံတစ်ဦးက ပြောသည်။

“ယောက်ျားလေးတွေ ပိတ်လိုက်တာ။ မိန်းကလေးတွေ ရနေသေးတယ်။ ၇ ရက်ကတ်နဲ့ မရတော့ဘူး။ ၁၄ ရက် စာအုပ်ပြာနဲ့ ရနေသေးတယ်လို့ ပြောတယ်။ ဒီနေ့တော့ လှည့်ပြန်ခဲ့ရတယ်”ဟု ၎င်းက ဆိုသည်။

ကော့သောင်းစာအုပ်ဟု ခေါ်ဆိုကြသည့် ကော့သောင်းဒေသခံများကို ထုတ်ပေးထားသည့် Border Pass (နှစ်နိုင်ငံသဘောတူ နယ်စပ်ဖြတ်သန်းခွင့်) စာအုပ်အပြာ ကိုင်ဆောင်ထားသူများကိုမူ ကန့်သတ်ထားခြင်း မရှိသေးပေ။

Boder Pass စာအုပ်လုပ်မည်ဆိုပါက တရားဝင်အားဖြင့် ကော့သောင်း အိမ်ထောင်စု၊ မှတ်ပုံတင်နှင့် UID စမတ်ကဒ်များ လိုအပ်ကြောင်း စုံစမ်းသိရသည်။

ကော့သောင်းဒေသခံ အမျိုးသမီးတစ်ဦးကလည်း ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့်သွားလာခြင်းကို အမျိုးသားများ ကိုသာ ကန့်သတ်လိုက်ခြင်းဖြစ်ပြီး အမျိုးသမီးများ မပါဝင်သေးဟု သိရကြောင်း ပြောဆိုသည်။

“ပဲ့ချိတ် (လှေ) သမားတွေကို မေးလိုက်တာ ဒီနေ့ကစပြီး (အမျိုးသားများကို) TBP တွေ မလုပ်ပေးတော့ဘူးလို့ သိရတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကော့သောင်းမြို့ရှိ လဝကရုံးသို့ Dawei Watch က ဖုန်းဆက်မေးမြန်းရာ “ကျွန်မတို့ မသိပါဘူး၊ အစ်ကိုပြောမှ ကျွန်မတို့သိရတယ်” ဟု ဖြေကြားကာ ဖုန်းချသွားခဲ့သည်။

ရနောင်းမြို့သို့ရောက်နေသည့် ဒေသခံတစ်ဦးကလည်း ၁၄ ရက်သက်တမ်းရှိသည့် ကော့သောင်းစာအုပ်ကိုင်ဆောင်သူ များက သွားလာနေဆဲ ဖြစ်ကြောင်း ဆိုသည်။

“စာအုပ်အပြာတွေတော့ သွားနေကြတယ်။ ၁၄ ရက်တစ်ခါ တုံးထုရသူတွေလေ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကော့သောင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူများကိုလည်း ၇ ရက်သက်တမ်းရှိ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးနေဆဲဖြစ်ကြောင်း ရနောင်းမြို့နေ ဒေသခံများထံမှ သိရသည်။

လေဆိပ်မှတစ်ဆင့် ပြည်ပနိုင်ငံများကို ထွက်ခွာမည့် စစ်မှုထမ်းအကျုံးဝင် အသက်အရွယ်ရှိ လူငယ်များကို စစ်ကောင်စီက သွားခွင့်မပေးဘဲ ပြန်လွှတ်နေရာမှ လက်ရှိတွင် နယ်စပ်ဂိတ်တွင်ပါ ကန့်သတ်ပိတ်ပင်လာခြင်းလည်းဖြစ်သည်။