BREAKING
October 18, 2024

ထိုင်းတွင် သုံးလနီးပါးအတွင်း လုပ်ငန်းခွင်ထဲရှိ မြန်မာတစ်ထောင်ခန့် ဖမ်းဆီးခံရ

September 2, 2024

ပုံစာ - စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေစဉ်။ ဓာတ်ပုံ - ထိုင်းအလုပ်သမားဝန်ကြီးဌာန

ထိုင်းနိုင်ငံတွင် သုံးလနီးပါး(၈၅ ရက်ခန့်)အတွင်း လုပ်ငန်းခွင်ထဲရှိ ရွှေ့ပြောင်းအလုပ်သမား နှစ်သိန်းသုံးသောင်းကျော်ကို စစ်ဆေးခဲ့ပြီးနောက် မြန်မာ တစ်ထောင်ခန့်ကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်သမားများ ဖမ်းဆီးနှိမ်နှင်းရေး ရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် လိုက်လံစစ်ဆေးနေရာ ဇွန်လ ၅ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့အထိ မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားသားအလုပ်သမား နှစ်သိန်းသုံးသောင်းကျော်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုင်းတစ်နိုင်ငံလုံးရှိ စက်ရုံများ၊ စားသောက်ဆိုင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းခွင်များအပါအဝင် ခရိုင်အသီးသီးရှိ လုပ်ငန်းခွင်နေရာပေါင်း ၁၆၇၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးခဲ့သော အလုပ်သမား နှစ်သိန်းသုံးသောင်းကျော်တွင် မြန်မာအလုပ်သမား ၁၇၇၀၀၀ ကျော်ဖြင့် အများဆုံးပါဝင်ပြီး ကမ္ဘောဒီးယား ၃၄၆၀၀ ကျော်၊ လာအို ၁၃၄၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံသား ၁၄၅ ဦးပါဝင်ကာ အခြားနိုင်ငံသား ၆၈၀၀ ကျော် ပါဝင်နေသည်။

၎င်းတို့အနက် မြန်မာအလုပ်သမား ၉၉၃ ဦး၊ လာအို ၂၀၃ ဦး၊ ကမ္ဘောဒီးယား ၂၂၄ ဦးနှင့် ဗီယက်နမ်နိုင်ငံသား ၂၆ ဦးအပါအဝင် ကျန်နိုင်ငံသား ၁၀၇ ဦးကို တရားမဝင် ဝင်ရောက်လုပ်ကိုင်နေမှုများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သော ဩဂုတ်လ ၂၂ ရက်နေ့အထိ မြန်မာအလုပ်သမား ၉၀၀ ကျော် ဖမ်းဆီးခံရပြီးနောက် တစ်ပတ်အကြာတွင် နောက်ထပ် မြန်မာနိုင်ငံသား ၁၀၀ ခန့် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်သည်။

၎င်းတို့ကို အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေမှု၊ နိုင်ငံခြားသား လုပ်ခွင့်မရှိ‌သော အလုပ်များ လုပ်ကိုင်နေမှုများဖြင့် အရေးယူထားကြောင်း ဖော်ပြထားသည်။

အရေးယူခံရသူများသည် ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်ခံရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ်ဖြင့်သာ တရားဝင် လုပ်ကိုင်ရမည်ဖြစ်ပြီး နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော လုပ်ငန်းပေါင်း ၄၀ တွင်လည်း ဝင်ရောက်လုပ်ကိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အကယ်၍ တားမြစ်ထားသော အလုပ်များကို ဝင်ရောက်လုပ်ကိုင်နေပါက တရားမဝင် အလုပ်လုပ်ကိုင်နေမှုဖြင့် အရေးယူခံရနိုင်သည်။