စစ်အာဏာသိမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးက မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပွားနေပါတယ်။
မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းကလည်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အားကောင်းတဲ့ ဒေသခုတစ်ခုပါ။
အခုဆိုရင် တနင်္သာရီတိုင်းက မြို့နယ် ၁၀ ခုစလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေပါပြီ။
ဒီဆယ်မြို့နယ်ထဲက တနင်္သာရီ၊ ပုလော၊ ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း အဲဒီမြို့နယ်တွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေပြင်းထန်လေ့ရှိပါတယ်။
တနင်္သာရီနဲ့ ပုလောနှစ်မြို့နယ်ကိုတော့ စစ်အုပ်ချုပ်ရေးသတ်မှတ်ပြီး ထိန်းချုပ်နိုင်ဖို့ အားထုတ်နေတာပါ။
ဒီလိုပဲ ထားဝယ်ခရိုင်ထဲမှာဆိုရင်လည်း ဒေသ ၃ ခုကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက သဲသဲမဲမဲ စစ်ကြောင်းထိုးနေပါတယ်။
ဒီဒေသတွေက ထားဝယ်မြို့နယ် အရှေ့တော (ထားဝယ်- ထီးခီးလမ်းတစ်လျှောက်)၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ် (မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမ အရှေ့ဘက်)နဲ့ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန် ဒေသတွေပဲ ဖြစ်ပါတယ်။
အဲဒီဒေသသုံးခုက အခြားနေရာတွေထက်ပိုပြီး စစ်ကြောင်းထိုးခံနေရသလို စစ်ဘေးရှောင်တွေလည်း အဲဒီဒေသမှာပိုမိုများပြားပါတယ်။
စစ်ကောင်စီက အဲဒီဒေသတွေကို ဘာကြောင့် အသည်းအသန်စစ်ကြောင်း ထိုးနေတာလဲ။
ထားဝယ်မြို့ကို ထိန်းချုပ်ဖို့
ထားဝယ်မြို့ဆိုတာ မြန်မာပြည်အောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်ပါတယ်။
မြို့တော်ဖြစ်တာကြောင့် တိုင်း၊ခရိုင်၊မြို့နယ် အစိုးရရုံးတွေ အခြေစိုက်ထားတာပါ။ ဒါ့အပြင် ပထဝီနိုင်ငံရေးအရလည်း အရေးပါတဲ့ ဒေသတစ်ခုဖြစ်နေပါတယ်။
ဒါ့အပြင် စစ်ကောင်စီအတွက် အရေးပါတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း၊ ဟိန္ဒားသတ္ထုတွင်း အပါအဝင် သတ္ထုတူးဖော်ရေး လုပ်ငန်းတွေလည်းရှိနေပါတယ်။
စစ်ကောင်စီအနေနဲ့ ထားဝယ်မြို့ကို ပြည့်ပြည့်ဝဝ ထိန်းချုပ်ထားနိုင်ဖို့အတွက် မြို့ဝင်ပေါက်လမ်းကြောင်း မှန်သမျှကို ထိန်းချုပ်ထားဖို့ကြိုးစားနေတာပါ။
ထားဝယ်မြို့ကိုဝင်တဲ့ တိုက်ရိုက်လမ်းကြောင်းသုံးခုရှိပါတယ်။ ရန်ကုန်- မော်လမြိုင်- ထားဝယ်လမ်းကြောင်း၊ ကော့သောင်း- မြိတ်- ထားဝယ်လမ်းကြောင်း၊ ထိုင်းနယ်စပ် ကန်ချနဘူရီ- မေတ္တာ- ထားဝယ်လမ်းကြောင်း( အရှေ့တောဒေသ ထီးခီးလမ်း) တို့ဖြစ်ပါတယ်။
အဲဒီလမ်းကြောင်းတွေထဲက ထီးခီးလမ်းဟာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့လမ်းကြောင်းတစ်ခုပါ။
ထားဝယ် အရှေ့တောဒေသကိုဖြတ်ဖောက်လုပ်ထားတဲ့ ထီးခီးလမ်းကြောင်းဟာ ထားဝယ်ကနေ ထိုင်းနယ်စပ်ကိုသွားတဲ့ အတိုဆုံးလမ်းကြောင်းဖြစ်သလို အချိန်နာရီပိုင်းပဲလိုပါတယ်။
ထားဝယ်ကနေ ကန်ချနဘူရီအထိ ၉၇ မိုင်နီးပါးပဲရှိပြီး လမ်းကောင်းမယ်ဆိုရင် အလွန်ဆုံး ၅ နာရီလောက်နဲ့ ထိုင်းနယ်စပ်မြို့ကိုရောက်ပါတယ်။ အဲကနေတစ်ဆင့် နောက်ထပ်မိုင် ၈၀ ကျော်ဆက်သွားရင် ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်ကိုရောက်ပါတယ်။
အဲဒီလမ်းကြောင်းဟာ ထားဝယ်-ထိုင်း ကုန်စည်စီးဆင်းရာ အရေးပါတဲ့ ကုန်းလမ်းကြောင်း တစ်ခုလည်းဖြစ်ပါတယ်။
ထီးခီးလမ်းကနေတစ်ဆင့် အဓိကရေထွက်ကုန်ပစ္စည်းတွေ တင်ပို့ရာကနေ စစ်ကောင်စီအတွက် အခွန်ဘဏ္ဍာတွေ ရရှိနေတာဖြစ်ပါတယ်။
ဒီနှစ် ဧပြီလကနေ ဇူလိုင်လအထိ လေးလထဲမှာ ထီးခီးလမ်း ပို့ကုန်၊ သွင်းကုန် နှစ်ခုပေါင်း ကုန်သွယ်ရေးတန်ဖိုး အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ရှိပါတယ်။
ထိုင်းနဲ့ ခရီးလမ်းတိုတောင်းတာကြောင့် စီးပွားရေးအရ အရေးပါသလို စစ်ရေးအရလည်း အရေးပါတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။
ထိုင်းနိုင်ငံကနေ စစ်လက်နက်ပစ္စည်းတွေ အချိန်တိုတိုနဲ့ သယ်ယူနိုင်မှာဖြစ်ပါတယ်။
ကုန်းဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ ယိုးဒယားကို စစ်ချီတာ၊ ဗိုလ်လကျ်ာဦးဆောင်တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ထိုင်းနယ်စပ်ကနေ မြန်မာပြည်ထဲဝင်လာတဲ့အချိန်တွေက အသုံးပြုခဲ့တဲ့ စစ်ရေးအရ ဗျူဟာကျတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် ထားဝယ်မြို့ရဲ့တောင်နဲ့မြောက်က လမ်းကြောင်းလိုပဲ အရှေ့ဖက် ထိုင်းနယ်စပ်ထွက်ပေါက် ထီးခီးလမ်းကြောင်းကိုလည်း စစ်ကောင်စီအနေနဲ့ သေချာပေါက် နယ်မြေစိုးမိုးထားချင်ပါလိမ့်မယ်။
ဒါပေမဲ့ ထင်သလောက်တော့ဖြစ်မလာပါဘူး။ အကြောင်းကတော့ ကော်သူလေးအာမီ(KTLA) အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အပြင်းအထန် ခုခံတော်လှန်ကြလို့ပါပဲ။
နောက်တစ်ချက်က အဲဒီလမ်းဟာ KNU တပ်မဟာ ၄ ရဲ့ ထိန်းချုပ်နယ်မြေထဲ ပါဝင်နေပါတယ်။
ထားဝယ်မြို့ရဲ့ မြောက်ဖက် ရေး-ထားဝယ်လမ်း၊ တောင်ဖက်က မြိတ်-ထားဝယ်လမ်းလိုပဲ အရှေ့ဖက် ထိုင်းနယ်စပ်အထိပေါက်တဲ့ ထီးခီးလမ်း( အရှေ့တောနယ်) ကို ထိန်းချုပ်နိုင်မှ ထားဝယ်မြို့ကို စိတ်ချလို့ရမယ်လို့ ဆိုလိုရင်းဖြစ်တယ်။
အဲဒါကတစ်ချက်။ နောက်တစ်ချက်က အရှေ့တောဒေသက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့်လည်း စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးဖို့လိုနေပါတယ်။
ထားဝယ် အရှေ့တောဒေသ
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအတွက် စစ်အသုံးစရိတ် လိုအပ်ချက် ကြီးကြီးမားမားရှိနေပါတယ်။
ဒီလိုအချိန်မျိုးမှာ တစ်နှစ်ဒေါ်လာသန်းရာချီ ဝင်ငွေရှာဖွေပေးနိုင်တဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းကို စစ်ကောင်စီအနေနဲ့ ပြန်လည်ပတ်ချင်မှာပါ။
အဲဒီလိုလည်ပတ်နိုင်ဖို့ အရှေ့တောဒေသကို နယ်မြေစိုးမိုးဖို့လိုပါတယ်။
အရှေ့တောေဒသမှာ ဟိန္ဒားသတ္တုမိုင်း၊ ဘဝပင်သတ္တုမိုင်းလိုမျိုး ခဲတူးဖော်တဲ့ လုပ်ငန်းတွေရှိပါတယ်။
အဲဒီအထဲက ဟိန္ဒားသတ္တုမိုင်းဟာ ၂၀၂၀ ခုနှစ်ကတည်းက ရပ်နားထားတာပါ။ ဟိန္ဒားသတ္တုမိုင်းတူးခွင့်ရ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက်(MPC)ကုမ္ပဏီဟာ သတ္တုတွင်းဆိုင်ရာ ဥပဒေတွေ လိုက်နာမှု အားနည်းတာကြောင့် တနင်္သာရီတိုင်း NLD အစိုးရက သက်တမ်းမတိုးပေးတော့တာကြောင့် ရပ်နားထားရတာပါ။
ရပ်နားထားတဲ့ ဟိန္ဒားသတ္တုတွင်းရဲ့ MPC ကုမ္ပဏီရုံးခန်းနေရာမှာတော့ စစ်ကောင်စီတပ်အင်းအား ဆယ်ဂဏန်းလောက် အမြဲတမ်းတပ်စွဲထားသလို ဟိန္ဒားရွာထဲမှာလည်း သူတို့လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့တွေ ရှိနေပါတယ်။
ဟိန္ဒားသတ္တုတွင်းကို သူတို့တတွေနဲ့ အစောင့်ချထားတဲ့သဘောလို့ဆိုနိုင်ပါတယ်။
ရပ်နားနေတဲ့ ဟိန္ဒားသတ္တုတွင်းကို စစ်ကောင်စီရဲ့ ဦးပိုင်ကုမ္ပဏီက လုပ်ကိုင်ခွင့်ရထားပြီး ပြန်လည်ပတ်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။
တစ်ချိန်းတည်းမှာ ဟိန္ဒားရွာအနီးက ဖောင်းတောရွာက ရေအားလျှပ်စစ်ကိုလည်း စစ်ကောင်စီက အဆင့်မြှင့်တင်နေပါတယ်။
အဲဒီရေအားလျှပ်စစ်ကထွက်တဲ့ လျှပ်စစ်ဓာတ်အားဟာ ဟိန္ဒားသတ္တုတွင်းလည်ပတ်ရာမှာ အဓိကအသုံးပြုတာပါ။
ဇွန်လတုန်းကလည်း ဦးပိုင်ကုမ္ပဏီက အရာရှိတွေ ဟိန္ဒားသတ္တုတွင်းကို နှစ်ကြိမ်လာရောက်ခဲ့ဖူးပါတယ်။
အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့အတူလာရောက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်တာကိုခံခဲ့ရပါတယ်။
ဖောင်းတောရေအားလျှပ်စစ်ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဇွန်လနောက်ပိုင်းမှာတော့ ဦးပိုင်ကုမ္ပဏီကတာဝန်ရှိသူတွေဟာ ဟိန္ဒားဖက်ကို ခြေဦးမလှည့်တော့ဘူးလို့သိရပါတယ်။
အာဏာမသိမ်းခင်တုန်းကတော့ သတ္တုတူးဖော်လို့ရတဲ့ အကျိုးအမြတ်ကို နိုင်ငံတော်နဲ့ တူးဖော်ခွင့်ရ မြန်မာပွန်ပီပက်ကုမ္ပဏီတို့ ယေဘုယျအားဖြင့်တစ်ဝက်စီခွဲ အကျိုးတူရရှိကြတာပါ။
ထင်ရာစိုင်း စီးပွားရေးလုပ်ခွင့်ရနေတဲ့ အခုလိုအချိန် ဟိန္ဒားသတ္တုတွင်းကိုလည်ပတ်မယ်ဆိုရင် ဦးပိုင်အနေနဲ့ အကျိုးအမြတ်များစွာရပါလိမ့်မယ်။ စစ်ကောင်စီအတွက်လည်း ဝင်ငွေရလမ်းတစ်ပေါက်တစ်ခုတိုးလာမှာပါ။
ငွေလိုနေတဲ့ စစ်ကောင်စီဟာ အရှေ့တောနယ်ကို နယ်မြေစိုးမိုးဖို့ စစ်ကောင်စီအနေနဲ့ အကြီးအကျယ်ထိုးစစ်ဆင်နေသလို ဖြတ်လေးဖြတ် ဗျူဟာပါ အသုံးပြုလာပါတယ်။
အကြီးအကျယ်ထိုးစစ်ဆင်တယ်လို့ သုံးနူန်းပေမယ့် တကယ်တမ်းမှာတော့ စစ်ကောင်စီအနေနဲ့ အရှေ့တောနယ်တစ်ခုလုံးကို တစ်ချိန်တည်းမှာ ထိုးစစ်ဆင်တာမျိုးမရှိသေးပါဘူး။
တော်လှန်ရေးအင်အားစုတွေရဲ့အဆိုအရ အင်းအား ဆယ်ဂဏန်းကနေ ရာဂဏန်းအထိပါတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ ဟိုနေရာ၊ ဒီနေရာကို စစ်ကြောင်းထိုးနေတာလို့ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ပထဝီနိုင်ငံရေးအရလည်းအရေးပါ၊ ဝင်ငွေရလမ်းလည်းရှိနေတဲ့ အရှေ့တောဒေသကို ရရှိဖို့ အတတ်နိုင်ဆုံး ကြိုးစားနေတာပါ။
ဒါပေမဲ့လည်း ပြည်သူ့ကာကွယ်ရေး တပ်တွေအားကောင်းတဲ့အတွက် စစ်ကောင်စီအနေနဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတာဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန်
စစ်ကောင်စီအနေနဲ့ ရေဖြူမြို့နယ်ထဲက ထားဝယ်အထူးစီးပွားရေးဇုန်ကို ထိန်းချုပ်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။
အာဏာသိမ်းကာစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတုန်းက စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို သူ့လက်ထက်မှာ ပြန်စတင်မယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကိုလည်း ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း ၉ ခုရှိတဲ့အထဲက ထိုင်းနိုင်ငံနယ်စပ် ကန်ချဘူရီအထိ ဖောက်လုပ်မယ့် နှစ်လမ်းသွားစီမံကိန်းကို သူတို့လက်ထက်မှာ အကောင်အထည်ဖော်မယ်လို့ ကြုံးဝါးထားတာပါ။
၂၀၂၂ ခုနစ် စက်တင်ဘာလထဲမှာတော့ ကနဦးစီမံကိန်းအတွက် ထိုင်းနိုင်ငံနဲ့ ညှိနှိုင်းနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကိုကလည်း ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းတွေ ပြန်လုပ်ကိုင်မယ်ဆိုပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ပြောဆိုခဲ့ပြန်ပါတယ်။
ဒီအချက်တွေကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီအနေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ကို အသက်ပြန်သွင်းချင်နေတာ သေချာပါတယ်။
ပိုပြီးသေချာစေတာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ထားဝယ်ရောက်လာပြီး အထူးစီးပွားရေးဇုန်ကို ကိုယ်တိုင်သွားကြည့်ခဲ့တာပါပဲ။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ အထူးစီးပွားရေးဇုန်ကိုသွားကြည့်ခဲ့ပြီး အထူးစီးပွားရေးဇုန်ကို ပြန်လည်စတင်ဖို့လိုကြောင်း၊ အထူးစီးပွားရေးဇုန်ထဲရှိ တည်ရှိပြီးသား အဆောက်အအုံတွေကို စနစ်တကျထိန်းသိမ်းဖို့ လိုအပ်တဲ့အကြောင်းတွေ ပြောဆိုသွားခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထူးစီးပွားရေးဇုန်ကိုမလာခင်အထိ အဲဒီနေရာကို စစ်ကြောင်းထိုးတာမျိုး မရှိခဲ့ပါဘူး။
အောက်တိုဘာလ လကုန်းပိုင်းရောက်မှ စစ်ကြောင်းထိုးတာစလုပ်ပါတယ်။ အဲဒီလိုစစ်ကြောင်းထိုးတာကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လာမှာမို့ နယ်မြေရှင်လင်းရေးစစ်ကြောင်းထိုးတာပါ။
သူပြန်သွားပြီး များမကြာမီ ဒီဇင်ဘာလ နှောင်းပိုင်းမှာ အထူးစီးပွားရေဇုန် ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။ နောက်တစ်နေ့မှာ စစ်ကောင်စီတပ်က အထူးစီးပွားရေးဇုန်ကို စစ်ကြောင်းထိုးပါတော့တယ်။
အဲဒီကတည်းက ထားဝယ်အထူးစီးပွားရေးဇုန်ထဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားလာခဲ့တာ ဒီနေ့အထိ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
နောက်ပိုင်းမှာ ထားဝယ်အထူးစီးပွားရေးဇုန် ဆိပ်ခံဘောတံတာငယ်သွားလမ်း ငပိဒပ်ရွာလမ်းဆုံမှာ အင်အားဆယ်ဂဏန်းနဲ့ စစ်ကောင်စီက စခန်းချထားလိုက်ပါတယ်။ အရင်က အထူးစီးပွားရေးဇုန်ထဲ ရဲကင်းစခန်းတစ်ခုသာရှိရာကနေ အခုဆိုရင် စစ်ကောင်စီစခန်းတစ်ခုပါ ထပ်တိုးပြီး လုံခြုံရေးမြှင့်တင်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင်တနင်္သာရီတိုင်းထဲ စစ်ကောင်စီက ပထမဆုံးလေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်တာဟာ ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် မေလ ၁၄ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။
အထူးစီးပွားရေးဇုန် ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းတာကြောင့် စခန်းမကျရေးအတွက် စစ်ကောင်စီကလေကြောင်းသုံးတိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ရဲကင်းစခန်းကို မကြာခဏ ဖိအားပေးသွားရောက်တိုက်ခိုက်နေပေမယ့် စစ်ကောင်စီအနေနဲ့ကတော့ အဲဒီရဲကင်းစခန်းကနေဆုတ်ခွာဖို့အရိပ်အယောင်မရှိဘဲ ဘန်ကာတွေအခိုင်အမာဆောက်ပြီး ကြံ့ကြံ့ခံနေတယ်လို့လည်းဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပိုအားကောင်းလာပြီး နယ်မြေစိုးမိုးထားမှာကို စိုးရိမ်တဲ့အတွက် အဲဒီဒေသကို မကြာခဏစစ်ကြောင်းထိုး နယ်မြေရှင်းလင်းဖို့ ကြိုးပမ်းနေတာဖြစ်နိုင်ပါတယ်။
လေ့လာသူအချို့ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရင်တောင် လုပ်ငန်းအကောင်အထည် ဖော်ရဲမှာမဟုတ်ဘူးလို့ သုံးသပ်တာတွေလည်းရှိပါတယ်။
ဒါပေမဲ့ စစ်ကောင်စီသာ ထိန်းချုပ်နိုင်သွားရင် မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူးဆိုပြီး သုံးသပ်သူတွေလည်း ရှိပါတယ်။
ထိုင်း ITD ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းကာ ရင်းနှီးမြှုပ်နှံသူအသစ်ဖိတ်ခေါ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကို ဆက်လုပ်မယ်လို့ မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်ဟာ နိုင်ငံအတွက်အကျိုးရှိစေသလို နိုင်ငံတကာအတွက်လည်း အထောက်အကူဖြစ်စေတယ်လို့ ပြောဆိုထားပါတယ်။
အနောက်နိုင်ငံတွေအနေနဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းကနေတစ်ဆင့် ထိုင်း၊ ကမ္ဘောဒီယား၊ ဗီယက်နမ်တို့ကစပြီး အရှေ့အလယ်ပိုင်းအထိ ကုန်စည်တင်ပို့နိုင်မှာဖြစ်လို့ အောင်မြင်အောင် အကောင်အထည်ဖော်ဖို့လိုတယ်လို့ စစ်ကောင်စီဝန်ကြီးတွေကို သူကပြောဆိုသွားပါတယ်။
ဒီပြောဆိုချက်တွေကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည် ပေါ်လာဖို့ မျှော်လင့်နေတာတွေ့မြင်ရပါတယ်။
လေ့လာသူတွေ၊ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကတော့ ထားဝယ်အထူးစီးပွားရေးဇုန် ပြန်စဖို့ဆိုတာ “မဖြစ်နိုင်ဘူး” လို့ မှတ်ချက်ပြု ပြောဆိုကြပါတယ်။
ထားဝယ်ကို ထိန်းချုပ်နိုင်မလား
စစ်ကောင်စီက အခုလပိုင်းမှာ ထိပ်ပိုင်းရာထူး အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာဆိုရင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး နေရာကို ဗိုလ်မှူးချုပ် ကျော်စွာဦးနဲ့ အစားထိုးခဲ့သလို ဒုတိုင်းမှူးနေရာကိုလည်း ဗိုလ်မှူးကြီးအောင်မျိုးထွန်းနဲ့ အစားထိုးခဲ့ပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း နယ်လုံဝန်ကြီးနေရာကိုလည်း ဗိုလ်မှူးကြီး မင်းမင်းလတ်နဲ့ အစားထိုးလိုက်ပါတယ်။
ဒီလိုအပြောင်းအရွှေ့တွေ ဖြစ်လာတာက လာဘ်စားမှုတွေအပြင် နယ်မြေစိုးမိုးမှု မတည်ဆောက်နိုင်လို့ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
တနင်္သာရီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပိုမိုအားကောင်းလာတယ်ဆိုတာကို ဖြစ်ပေါ်နေတဲ့ တိုက်ပွဲအကြိမ်အရေ ကြည့်ရင်သိနိုင်ပါတယ်။
တိုက်ပွဲဖြစ်ပွားမှုတွေက တစ်လထက်တစ်လ ပိုမိုများပြားလာနေပြီး အခုဆိုရင် တစ်လကို အကြိမ်ရေ ၅၀ နီးပါးလောက် ဖြစ်ပွားနေပါတယ်။
ဒါ့အပြင် တိုင်းအတွင်းမှာ တော်လှန်ရေးအဖွဲ့ ၆၀ နီးပါးရှိပြီး တော်လှန်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေအတော်များများလည်း ရှိနေပါပြီ။
ဒီအချက်တွေကို ကြည့်မယ်ဆိုရင်တော့ စစ်ကောင်စီအနေနဲ့ ထားဝယ်ဒေသကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ တိုက်ပွဲတွေတော့ ပိုမိုဖြစ်ပွားလာနိုင်ပြီး စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေလည်း ပိုမိုများပြားလာမယ့် အခြေအနေမှာ ရှိနေကြောင်း တွေ့ရပါတယ်။
အချုပ်အားဖြင့် ဆိုရင် စစ်ကောင်စီ အနေနဲ့ ဂုဏ်သိက္ခာအရ သော်လည်းကောင်း၊ စီးပွားရေး အကျိုး အလို့ငှာ သော်လည်းကောင်း ထားဝယ်ဒေသ အပါအဝင် ပုလောနဲ့ တနင်္သာရီ တို့ကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရဆဲပါ။ စစ်တိုင်းမှူး၊ ဒုစစ်တိုင်းမှူးနဲ့ နယ်လုံ ဝန်ကြီးတွေကိုပါ ဆက်တိုက် အပြောင်းအလဲ လုပ်တာမို့ ထိန်းချုပ်ဖို့ ပိုကြိုးစားလာနိုင်ပါတယ်။ ရှေ့ဆက် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ပါတယ်။