BREAKING
December 27, 2024

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေဖြူ ညင်းထွေးရွာက သားအမိနှစ်ဦးဒဏ်ရာရ

August 2, 2024

ရေဖြူမြို့နယ် ၊ ညင်းထွေးရွာတွင် ယနေ့ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ကာ သားအမိနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ရေး-ထားဝယ်ကားလမ်းမနှင့် ကပ်လျက် ညင်းထွေးရွာ၊ အောင်သာယာ (ကွက်သစ်) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၅ဝ ဝန်းကျင်အရွယ် ဒေါ်မယ်ငယ်နှင့် ၎င်း၏သမီးဖြစ်သူ ဆယ်ကျော်သက်အရွယ် သမီးငယ်တို့မှာ နေအိမ်တွင်ရှိနေစဉ် ကျည်စထိမှန်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

“ဒေါ်မယ်ငယ်က လက်မောင်းမှာထိတယ်။ ခြောက်ချက် ချုပ်ရတယ်။ သူ့သမီးက ခေါင်းမှာ ရှပ်ထိတယ်။ ဒဏ်ရာတွေကို ရွာမှာပဲ ချုပ်လိုက်ကြတယ်” ဟု ညင်းထွေးရွာသားတစ်ဦးက ပြောသည်။

ဩဂုတ်လ ၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်သား အင်အား ၂ဝ ခန့်ပါသည့် ခြေလျင်စစ်ကြောင်းသည် ထားဝယ်မြို့ဘက်မှ ညင်းထွေးရွာဘက်သို့လာစဉ် လမ်းတစ်လျှောက် လက်နက်ငယ်များ ပစ်ခတ်သလို လက်နက်ကြီးဖြင့်လည်း သုံးချက်ပစ်ခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းစစ်ကောင်စီတပ်သားများသည် ညင်းထွေးရွာလမ်းဆုံတွင် နှစ်နာရီနီးပါး နေရာယူခဲ့ပြီးနောက် ထားဝယ်မြို့ဘက်သို့ ပြန်သွားခဲ့ကြောင်း ရွာသားများထံမှ သိရသည်။

ဩဂုတ်လ ၁ ရက် ညနေပိုင်းက ရေဖြူတံတားတွင် စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီးနောက် နောက်တစ်ရက် နံနက်တွင် ညင်းထွေးရွာဘက်သို့ စစ်ကောင်စီတပ်သားများ ရောက်လာခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။

ဇူလိုင်လ ၂၀ ရက်ကလည်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် လယ်သမားတစ်ဦး သေဆုံးခဲ့သေးသည်။