BREAKING
September 16, 2024

ရေဘေးသင့် ကျိုက်မရောဒေသခံများ အကူအညီလိုအပ်နေ

August 2, 2024

ပုံစာ - ရေကြီးနေသည့် ကျိုက်မရောမြို့။ ဓာတ်ပုံ - ဒေသခံ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ တစ်ပတ်ကျော်ကြာလာသည့်အတွက် အစားအသောက်နှင့် ဆေးဝါး အကူအညီလိုအပ်လာသည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး အတ္ထရံမြစ်ရေ တိုးလာခြင်းကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ကစပြီး ကျိုက်မရောမြို့အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ကျိုက်မရောမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရှင်စောပု၊ ရပ်ကွက် ၁၊ ရပ်ကွက် ၂၊ ရန်မျိုးအောင်နှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ မယ်ကရို၊ နှီးတုံ၊ ကွာငန်၊ လှကဇိုင်း၊ ကျိုက်ပရန်၊ ဘိန်းဗျော၊ ဦးလေး၊ ကော့ဝမ်း၊ ကြခတ်ကုန်းအစရှိသည့် ရပ်ကွက်၊ ကျေးရွာ ၂၀ ထက်မနည်းတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားနေသည်။

ရေကြီးရေလျှံမှုဖြစ်ပွားနေသည်မှာ တစ်ပတ်ကျော်ရှိလာပြီးဖြစ်သလို လတ်တလောတွင်လည်း ရေပြန်မကျပဲ ရေဆက်တိုးနေသည့် အနေအထားရှိသည်ဟု ဒေသခံတို့က ပြောသည်။

“တစ်ပတ် ၁၀ လောက်ရှိနေပြီး ရေတက်နေတာ။ အခုလည်း တိုးလာနေဆဲပါပဲ။ ဦးလေးရွာတို့ ဘာတို့ဆို တစ်ရွာလုံး မြုပ်နေတယ်။ ရက်ကြာလာတော့လည်း စားရေး သောက်ရေးက အခက်အခဲရှိလာတယ်” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် အလှူရှင်တို့က သောက်သုံးရေ၊ အစားအသောက်များ လာရောက်လှူဒါန်းပေးနေပြီး အချို့ အလှူရှင်မရောက်သည့် ကျေးရွာများလည်းရှိနေသည်ဟု သိရသည်။

“ရေတက်နေတာ ရက်ကြာလာတော့ သောက်ရေတို့၊ စားစရာတို့ နောက် ဆေးဝါးတို့က လိုအပ်ချက်ရှိလာတယ်။ ရေကလည်း ပြန်ကျတဲ့အရိပ်အယောင်တော့ မတွေ့သေးဘူး။ အခုက သောက်ရေတို့ ခေါက်ဆွဲခြောက်တို့ လိုက်လှူပေးနေတာရှိတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရေကြီးရေလျှံမှုကြောင့် ကျိုက်မရောမြို့ပေါ် ကျောင်းအပါအဝင် အခြေခံပညာစာသင်ကျောင်းပေါင်း ၂၅ ကျောင်းထက်မနည်းကိုလည်း ယာယီပိတ်ထားရသည်ဟု သိရသည်။

သံလွင်မြစ်မှ ခွဲထွက်မြစ်ရေဖြစ်သည့် အတ္တရံမြစ်ရေသည် ကျဆင်းမှုနှေးကွေးပြီး လက်ရှိ တက်ရေအခြေအနေနှင့်ဆိုလျှင် ရေသည် သြဂုတ်လ ၁၀ ရက်နေ့အထိ ဆက်လက်မြင့်တက်နေမည်ဟု မွန်၊ ကရင်မိုးလေးဝသန်ခန့်မှန်းသူတို့က ခန့်မှန်းထားသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လနောက်ဆုံးအပတ်ခန့်က မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ဘီးလင်း၊ ကျိုက်ထိုတို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်။

ရေကြီးရေလျှံမှုကြောင့် ထောင်နှင့်ချီသည့် ပြည်သူများ ဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ခဲ့ရသည့်အပြင် ဘီးလင်းတွင် ကားလမ်းရေကျော်နေသည့်အတွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း ယာယီပိတ်ခဲ့ရသည်လည်း ရှိခဲ့သည်။