စံချိန်တင်ရေကြီးနစ်မြုပ်ခဲ့သည့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆေးဝါး၊ စားနပ်ရိက္ခာအပါအဝင် အခြား အကူအညီလိုအပ်ချက် များပြားနေကြောင်း ရေဘေးကူညီနေသူများနှင့် ဒေသခံများထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၂၁ ရက်နေ့တွင်စတက်လာခဲ့ပြီး ဇူလိုင်လ ၃၁ ရက်နေ့တွင် ၃၁ ပေကျော်အထိ တက်လာကာ နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် မြင့်တက်ခဲ့သည်။
ယင်းကြောင့် တနင်္သာရီမြို့အပါအဝင် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်းဒါဇင်ချီ ရေကြီးနစ်မြုပ်ခဲ့ပြီး ဒေသခံအများအပြားမှာ ရေဘေးဒုက္ခဖြင့် ရင်ဆိုင်ခဲ့ရသည်။
စံချိန်တင်မြင့်တက်ခဲ့သည့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းပြန်ကျလာပြီး ဩဂုတ်လ ၂ ရက်နေ့တွင်မူ ၂၇ ပေသို့ရောက်လာကြောင်း မြို့ခံအချို့ထံမှ သိရသည်။
ထိုသို့မြစ်ရေကျလာသဖြင့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေပြန်ကျသွားပြီး ဆေးဝါး၊ရိက္ခာနှင့် အခြားအကူအညီများ လိုအပ်ချက်များပြားနေကြောင်း ရေဘေးကူညီနေသူများက ဆိုသည်။
တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားခဲ့သည့် တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး ဆေးဝါး၊ ဆန်နှင့် ရိက္ခာသယ်ဆောင်ခွင့်ကို လုံးဝပိတ်ပင်ကန့်သတ်ထားသည်။
လက်ရှိရေကြီးမှုအတွင်း နေအိမ်ပြိုကျပျက်စီးမှုအချို့ရှိခဲ့ပြီး သာရဘွင်ရွာ အပါအဝင် ကျေးရွာအချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း ၎င်းတို့က ပြောသည်။
“အင်တာနက်အဖြတ်ခံထားရတော့ မြေပြင်လိုအပ်မှုအခြေအနေတွေကို မသိကြဘူး။ ရွာကကိုယ်ထူကိုယ်ထ လုပ်နေရတာကလွဲပြီး ကျန်တဲ့ ဘာအကူအညီမှမရသေးဘူး” ဟုသာရဘွင်ကျေးရွာမှ ရေဘေးကူညီနေသူတစ်ဦးက ဆိုသည်။
အချို့နေရာများတွင် ရေကြီးရေလျှံနေဆဲဖြစ်သည့်အတွက် တစ်နေရာမှ အခြားတစ်နေရာသို့ သွားလာရာတွင် အခက်အခဲရှိသလို စစ်ကောင်စီက ဆေးဝါးနှင့် ရိက္ခာကန့်သတ်ထားသည့်အတွက် အခက်အခဲပိုဖြစ်နေကြောင်း ၎င်းက ပြောသည်။








တကူကျေးရွာအုပ်စုတွင်လည်း နေအိမ်ပျက်စီးမှုများရှိပြီး အကူအညီလိုအပ်နေကြောင်း ရေဘေးကူညီနေသူတစ်ဦးက ဆိုသည်။
“ကိုယ်ထူကိုယ်ထအခြေအနေကလွဲရင် ပြင်ပအကူအညီတွေက မရှိသလောက်ပါပဲ” ဟု ၎င်းက ပြောသည်။
စစ်အာဏာမသိမ်းမီကမူ တနင်္သာရီမြို့နယ်တွင် ရေဘေးကြုံလာပါက အရပ်ဘက်အဖွဲ့အစည်းများ၊ အလှူရှင်များ၊ ပရဟိတအဖွဲ့များက အင်တိုက်အားတိုက် ကူညီခဲ့ကြသည်။
လက်ရှိတွင်မူ စစ်ကောင်စီ၏ တင်းကျပ်မှုများကြောင့် ကူညီမည့်အဖွဲ့အစည်းမှာ မရှိသလောက်ပင်ဖြစ်နေသည်။
“အရင်ကဆိုရင် ရေတောင်မကျသေးဘူး။ အကူအညီပေးတဲ့သူတွေ ရောက်နေကြပြီ။ အခုက ကူညီပေးနေသူတွေကိုတော့ မတွေ့ရသေးဘူးပေါ့။ အရင်အစိုးရလက်ထက်နဲ့အရမ်းကို ကွာတဲ့အခြေအနေမှာရှိတယ်” ဟု စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် ညောင်ပင်ကွင်းရွာဒေသခံတစ်ဦးက ပြောသည်။
ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် အလှူရှင်နည်းပါးနေပြီး စစ်ကောင်စီရန်ကြောင့် ပရဟိတအသင်းအဖွဲ့များအနေဖြင့် ကူညီပေးရန် အခက်အခဲရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။