BREAKING
September 16, 2024

ရေကြီးပြီးပြန်ကျချိန် ဘာတွေသတိထားရမလဲ

August 2, 2024

ရေကြီးပြီး ပြန်ကျချိန်တွင် မြွေပါးကင်းပါးအန္တရာယ်အပြင် ဖြစ်လာနိုင်သည့် ကပ်ဘေးတစ်ခုက အဆင်သင့်စောင့်ကြို နေတတ်သည်။

နေရာဒေသအသီးသီးတွင်လည်း ရေဘေးနှင့်အတူ ဝမ်းပျက်ဝမ်းလျှောဘေးကလည်း ဒွန်တွဲပါလာလေ့ရှိသည်။

ရေကြီးစဉ်က တင်ကျန်ခဲ့သည့် အညစ်အကြေးများနှင့် ရေတွင်းရေကန်များလည်း မသန့်ရှင်းသည့် ရေများဖြင့် ရောနှောကုန်သည့်အတွက် ဝမ်းပျက်ဝမ်းလျှော ဖြစ်လွယ် ကူးစက်လွယ်သည့် အချိန်အခါလည်းဖြစ်သည်။

ဝမ်းပျက်ဝမ်းလျှောကပ်ဘေးက တစ်ဦးနှင့်တစ်ဦးကူးစက်လွယ်သဖြင့် ရေကြီးနေချိန်နှင့် ရေပြန်ကျပြီးနေရာဒေသများတွင် အစုလိုက်အပြုံလိုက်ဖြစ်ပွားလေ့ရှိသည်။

တိုင်းအတွင်း ရေဘေးကို အဆိုးဆုံးရင်ဆိုင်နေရသည့် တနင်္သာရီမြို့နယ်တွင် တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်ပွားခဲ့သလို စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ဒေသလည်းဖြစ်သည့်အတွက် စစ်ဘေးရှောင် အများအပြားရှိနေသည်။

ထို့အပြင် စစ်ကောင်စီက ဆေးဝါးနှင့် ရိက္ခာသယ်ဆောင်ခွင့်ကို တင်းတင်းကျပ်ကျပ် ကန့်သတ်ခံထားရသည့် မြို့နယ်လည်းဖြစ်သည်။

လတ်တလောတွင်လည်း စံချိန်တင်ရေကြီးထားသည့်အတွက် စစ်ဘေးရှောင်အများအပြားရှိသည့် ကျေးရွာပေါင်း ဒါဇင်ချီမှာလည်း ရေကြီးနစ်မြုပ်သည့်ဘေးကိုကြုံတွေခံစားကြရသည်။

ထိုသို့ အဘက်ဘက်က ကျပ်တည်းနေသည့် အခြေအနေတွင် ဝမ်းပျက်ဝမ်းလျှောကပ်ဘေးပါ ထပ်ပြီးမကြုံရစေရေးမှာ အလွန်အရေးကြီးလှသည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားလာပါကလည်း အသက်ဆုံးရှုံးမှုမရှိစေရေး၊ ကပ်ဘေးအသွင်မဖြစ်လာစေရေးမှာလည်း တားဆီးနိုင်ရန် လိုအပ်သည်။

ထိုကြောင့် ရေကြီးပြီး ရေပြန်ကျချိန်လုပ်ဆောင်သင့်သည့်အရာများ၊ ဝမ်းပျက်ဝမ်းလျှောနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရာအချက်များကို သိရှိနိုင်ရန် ကျွမ်းကျင်ဆရာဝန်တစ်ဦးအားမေးမြန်းပြီး ကောက်နုတ်တင်ဆက်လိုက်ပါသည်။

DW ။ အခုဆိုရင် ဒေသအများစုမှာ ရေကြီးရေလျှံတာတွေ ဖြစ်နေတာပေါ့နော်။ ဆိုတော့ရေကျသွားတဲ့အချိန်ဆိုရင် ဘယ်လိုရောဂါတွေဖြစ်နိုင်လဲပေါ့ခင်ဗျား။

ဖြေ ။ အများစုက ဝမ်းပျက်ဝမ်းလျှောတွေ၊ သွေးလွန်တုပ်ကွေးတွေ၊ အရေပြားရောဂါတွေ၊ ရေနဲ့အတူမျောပါလာတဲ့ အဆိပ်ရှိတဲ့အကောင်တွေ ကိုက်တဲ့ဟာတွေ၊ပြီးရင် တုပ်ကွေးလိုရောဂါတွေပေါ့နော်။ အဲလိုဟာတွေက အဖြစ်များမှာပေါ့နော်။ သွေးလွန်တုပ်ကွေးလည်း ဒီအချိန်မှာ ပြန်ဂရုစိုက်ရမှာပေါ့။ ရေကျသွားပြီဆိုတာနဲ့ ဘာကိုအဓိကလုပ်ကျလဲဆို ဝမ်းပျက်ဝမ်းလျှောနဲ့ ကာလဝမ်းကို ခုခံဖို့အတွက် အဓိကကြိုးစားကြတာပေါ့။

DW ။ အဲလိုမျိုးရေကျသွားတဲ့အချိန်မှာ ကာလဝမ်းနဲ့ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင်ဆိုရင် ဘယ်လိုမျိုးအချက်တွေကို လိုက်နာသင့်လဲ။ဘယ်လိုပြုမူနေထိုင်သင့်လဲပေါ့ခင်ဗျား။

ဖြေ ။ ပထမတစ်ချက်ကတော့ လူတစ်ဦးချင်းစီ လိုက်နာရမယ့်အချက်တွေရှိတာပေါ့လေ။အဲဒါကတော့ ရေဆိုရင် ကျိုချက်ပြီးမှ သောက်။ တွေ့ကရာရေမသောက်နဲ့ပေါ့နော်။ပြီးရင် အိမ်သာတွေ အညစ်အကြေးတွေပေါ့နော်။ စွန့်ပစ်တဲ့အခါမှာလည်း စနစ်တကျစွန့်ပစ်။ စွန့်ပစ်ပြီးရင် လက်ကိုရေနဲ့ဆပ်ပြာနဲ့ဆေးပေါ့နော် ။ပြီးရင် ဝမ်းနူးစာတွေမစားနဲ့ ။ အမှည့်လွန်နေတဲ့ ဒါမှမဟုတ်ရင် အရောင်အဆင်း အနံ့အရသာ နည်းနည်းမလတ်တော့တာဟာတွေဆိုရင် မစားနဲ့ပေါ့နော်။ အမှည့်လွန်တာကတော့ အသီးတွေပေါ့။ ထမင်းတွေ ဟင်းတွေကတော့ တစ်ခါတစ်လေကျရင် အနံ့ကသိပ်မကောင်းချင်ဘူး။ ဒါပေမဲ့ စားလိုက်တာတွေ ရှိတယ်။ အဲလိုဟာတွေလည်း မစားနဲ့ ။ အမှည့်လွန်နေတဲ့ဟာတွေလည်း မစားနဲ့ပေါ့နော်။

ပထမတစ်ချက်ကတော့ အစာမစားခင် လက်ကိုရေနဲ့ဆပ်ပြာနဲ့ စင်အောင်ဆေးရမယ်။ အိမ်သာတက်ပြီးတိုင်း လက်ကို ရေနဲ့ဆပ်ပြာနဲ့ စင်အောင်ဆေးရမယ်။ပြီးရင် ကိုယ့်ဆီကထွက်ထားတဲ့အညစ်အကြေးတွေကို စနစ်တကျစွန့်ပစ်ရမယ်ပေါ့နော်။ မြစ်ထဲ ချောင်းထဲစွန့်ပစ်တာတွေ မလုပ်သင့်သလို အိမ်သာတွင်းထဲရေလျှံနေတယ်ဆိုရင် သေချာစနစ်တကျ ထုံးတွေဖြူး သန့်ရှင်းရေးတွေလုပ်ပြီးမှပြန်သုံးရမယ်ပေါ့လေ။

ပြီးရင် အစားအစာတွေဆိုရင်လည်း လတ်လတ်ဆတ်ဆတ် စားရမယ်။ ယင်နားစာတွေ မစားရဘူး။ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်မယ်။ပြီးရင် ရေကျသွားတဲ့အချိန်ဆို အညစ်အကြေးက တင်ကျန်ခဲ့တာတွေလည်း ရှိနိုင်တယ်လေ။ အဲဒါတွေဆိုရင် သေချာစနစ်တကျစုစည်းပြီးတော့ လွှင့်ပစ်မယ်။ ပြီးရင် အဲဒီနေရာကို ထုံးဖြူးမယ် ဒါမှမဟုတ် ပိုးသတ်ဆေးဖျန်းမယ်ပေါ့နော်။ အဓိကကတော့ လွယ်လွယ်ကူကူရတာကတော့ ထုံးပေါ့ခင်ဗျား။ဒါမှမဟုတ်ရင်လည်း ဆပ်ပြာနဲ့ ရေနဲ့ဖျော်ပြီး လောင်းချပစ်တာလည်း ရတာပေါ့လေ။

ပြီးရင် သောက်ရေတွေဆိုရင်လည်း ကျိုချက်ပြီးသောက်တာတွေရှိမယ်။ ပြီးရင် ကလိုရင်းခတ်သောက်တာတွေရှိမယ်။ အဲဒါက တစ်ယောက်ချင်းစီအတွက်ပေါ့နော်။

အများအတွက်ကတော့ ရေတွင်းရေကန်တွေထဲမှာ ရေလျှံသွားတဲ့အချိန်က ရေတွင်းရေကန်ထဲမှာရှိတဲ့ရေနဲ့ လျှံလာတဲ့ရေတွေက ပေါင်းသွားတယ်လေ။ ဆိုတော့ အဲဒီရေတွင်းရေကန်တွေကို ပြန်လှယ်(သန့်ရှင်းရေးလုပ်)ရမှာပေါ့လေ။ ရေတွင်းတွေဆိုလည်း ပြန်ဆယ်ရမှာပေါ့။ အဲလောက်အထိ အများကြီးမလုပ်နိုင်ဘူးဆိုရင်တောင်မှ ကလိုရင်းတွေ ခပ်ပစ်ရမှာပေါ့နော်။ ကလိုရင်းခတ်တဲ့ အချိုးအစားကတော့ ရေတွင်းဆိုရင် အချိုးအစားတစ်မျိုး ရေကန်ဆိုရင် အချိုးအစားတစ်မျိုးပေါ့နော်။ အဲဒါမှာမှ အုတ်ကန်ဆိုရင် တစ်မျိုး၊ ကန်ပက်လက်ဆိုရင် တစ်မျိုးပေါ့နော်။

ပြီးရင် မိုးရေပေါ့။ ရေကိုလည်း ကျိုချက်ပြီးမှသောက်ဖို့ ကျလာတဲ့မိုးရေကို ခံထားတာကို ‘မိုးရေပဲ သန့်ပါတယ်’ဆိုပြီး သောက်လိုက်မယ်ပေါ့နော်။ အဲလိုတွေ လုပ်လို့မရဘူးပေါ့။ နောက်တစ်ချက်က ရေတော့ကျိုချက်သောက်ပါရဲ့။ ခွက်တွေ ကျိုချက်ပြီးသားကိုထည့်တဲ့ခွက်တွေ ပုံးတွေက မသန့်တာတွေပေါ့နော်။ ပြီးရင် ရေအိုးထဲတော့ ထည့်သောက်တယ် ရေအိုးပေါ်မှာတင်ထားတဲ့ခွက်(သောက်ရေခွက်)က ယင်ကောင်တလောင်းလောင်းနဲ့ အဲလိုဟာမျိုးတွေဆိုရင်လည်း အဆင်မပြေဘူးပေါ့နော်။ အဓိကကတော့ ဝမ်းပျက်ဝမ်းလျှောအတွက်ဆိုရင် သောက်တာ စားတာကို ဂရုစိုက်ရမှာဖြစ်သလို ဝမ်းပျက်ဝမ်းလျှောပိုးတွေကိုသယ်တဲ့ ခြင်တို့ ယင်တို့ ကြွက်တို့ အဲလိုတွားသွားသတ္တဝါတွေပေါ့နော်။ အဲဒါတွေကိုလည်း ဂရုစိုက်ရတယ်ခင်ဗျား။

DW ။တစ်ကယ်လို့ ဝမ်းပျက်ဝမ်းလျှောဖြစ်လာပြီဆိုရင် ဘယ်လိုမျိုးရှေးဦးပြုစုရမလဲခင်ဗျား။

ဖြေ ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုတာနဲ့ ၂ ခါ ၃ ခါလောက်ဝမ်းသွားပြီပေါ့နော်။ ဝမ်းက အရည်သွားပြီဆိုရင် ပထမဆုံး ကိုယ့်ဝမ်း(မစင်)ကို ကိုယ်မရွံဘဲနဲ့ကြည့်သင့်တယ်ပေါ့နော်။ သွေးစသွေးနတွေပါလား။ အမြှုပ်တွေလား။ အဖြူ(ရောင်)အရည်တွေလား။ ပြီးရင် ရိုးရိုးဝမ်းအသားချည်းပဲလား။ မဲမဲပျစ်ပျစ်ဝမ်းတွေလား။ ဝမ်းရဲ့အရောင် အနံ့ အဲဒါတွေကြည့်ထားသင့်တယ်ပေါ့လေ။ ပုံမှန်ဆိုရင်တော့ ဝမ်းအသားပဲ၊ အဝါရောင်၊ အရည်၊ အမြှုပ်နည်းနည်းပါမယ်။ အနံ့ကလည်း ဝမ်းအနံ့လောက်ပဲ မနံဘူးဆိုရင်တော့ ရိုးရိုးတန်းတန်း ဝမ်းပျက်ဝမ်းလျှောပေါ့။ အဲဒါဆိုရင်တော့ ဖင်ကထွက်သမျှ ဥပမာ ၁ လီတာလောက်ထွက်တယ်ဆိုရင် ၁ လီတာလောက်ဓာတ်ဆားရည်သောက်။ ဒါက ရိုးသား(ရှင်း)တဲ့နည်းပေါ့နော်။

တစ်ခါတစ်လေကျရင် ဝမ်းကဆန်ဆေးရောင်လို အဖြူရောင်သွားနေတယ်။ ဝမ်းကငါးညှီအနံ့လို နံနံကြီး။ဒါမှမဟုတ် မဲမဲပျစ်ပျစ်ကြီးဖြစ်လာပြီဆိုရင်တော့ ဆေးရုံသွားရမယ်။ တစ်ခါတစ်လေကျရင် ဝမ်းကိုက်တာပေါ့နော်။ မဲမဲပျစ်ပျစ်ကြီး ရေလောင်းလိုက်ရင် အနီရောင်ကြီးဖြစ်သွားတယ်။ အဲဒါဆိုရင် လိပ်ခေါင်းရှိနေတာလား။ အဲဒါမျိုးအထိ လိုက်ပြန်ကြည့်ရတာပေါ့ လေ။ပုံမှန် ဝမ်းအရည်ပဲသွားတယ်ဆိုရင်တော့ လွယ်လွယ်ကူကူလက်လှမ်းမီတာဆိုရင် ဓာတ်ဆားပေါ့။ ဓာတ်ဆားကိုလည်း အထုပ်ကိုအပိုင်းလိုက်မဖျော်ဘူး။ ဓာတ်ဆားတစ်ထုပ်ရေတစ်ဘူး(၁လီတာ)။သေသေချာချာလှုပ်ပြီး ၂၄ နာရီအတွင်း (ကုန်အောင်)သောက်မယ်။ ၂၄ နာရီအတွင်း ဓာတ်ဆားတစ်ဘူးကုန်ရမယ်ဆိုပေမယ့် ကိုယ်ဝမ်းသွားတဲ့အကြိမ်ရေကများတယ်။ လူက ဒူးတွေချောင်နေပြီ။ ချွေးစေးတွေပြန်တယ်။ နေလို့မကောင်းဘူး နှုံးချိနေတယ်။ ဝမ်းသွားတဲ့ဟာကလည်း ၂ လီတာလောက်ရှိနေရင် ၂ ဘူးသောက် ရတယ်ခင်ဗျား။ ထွက်သမျှကို ပါးစပ်ထဲကဖြည့်ရမှာ။

ဓာတ်ဆားဆိုတဲ့နေရာမှာလေ အူနံရံအားဖြည့်ဆေးဆိုတာရှိတယ်။ အဲဒါကို ဓာတ်ဆားလို့မသုံးဘူးနော်။ ဓာတ်ဆားဆိုတဲ့ဟာသည် BPI(အမှတ်၁ ဆေးဝါးစက်ရုံထုတ်) ဓာတ်ဆားလေ။အထုပ်အပြာ(ရောင်)ရှိတယ် အစိမ်းရှိတယ်လေ။ အဲဒါတွေကိုပဲ ပြောတာ။ Royal-D တောင် ကျွန်တော်တို့ ပေးမသုံးဘူး။ ဝမ်းပျက်ဝမ်းလျှောဖြစ်လာရင် BPI ဓာတ်ဆားကိုပဲ အဓိကအသုံးပြုတာများတယ် ပေါ့နော်။

ထိုင်းကလာတဲ့ သီးစုံဓာတ်ဆားရည်တော့ရှိတယ်။ သူကကျတော့ သကြားဓာတ်နည်းနည်းပိုပါတာဖြစ်တဲ့အတွက် ဝမ်းပိတ်ဖို့အတွက် နည်းနည်းလေးခက်တယ်။ ထိုင်းကထွက်တဲ့ရိုးရိုးဓာတ်ဆားတွေလည်းရှိတယ်။ အသီးစုံအရသာ မဟုတ်တဲ့ဟာတွေလေ၊။အဲလိုဟာတွေ သုံးရမှာပေါ့နော်။ပြီးရင်ကလေးငယ်တယ်ဆိုရင် Zin(ဇင့်) တို့ဘာတို့တော့ တိုက်ခိုင်းတယ်ခင်ဗျား။ ဇင့်ဓာတ်ပါတဲ့ဆေးတွေပါ့လေ။ အဲလိုဟာမျိုးတွေကျတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီးမှ သောက်သင့်တယ်။

ဝမ်းကနံတယ်။ဆန်ဆေးရည်လိုမျိုးအရည်ကြည်တွေ ဒါမှမဟုတ် ဖြူဖြူတွေ ဒါမှမဟုတ်ရင်လည်း ငါးညှီနံ့လိုနံနံတွေပေါ့နော် သွားမယ်ဆိုရင်တော့ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းနဲ့ပြပြီး ပိုးသတ်ဆေးသောက်ရမယ်။ သူက တစ်ကြိမ်တစ်ခါတည်းသွားရုံနဲ့ လည်း လူကနှုံးချိသွားတာဖြစ်နိုင်တယ်။ အဲဒီအချိန်မှာ ဆန်ဆေးရည်လိုမျိုး အရည်ကျဲကျဲကြီးတွေသွားတယ် ငါးအညှီနံ့ကြီးက နံသေးတယ်ဆိုရင် ချက်ချင်းသာ ကျန်းမာရေးဝန်ထမ်းဆီကိုသွား။ သွားပြီးရင်ဓာတ်ဆားရည်လည်းသောက်မယ် ပိုးသတ်ဆေးလည်းသောက်မယ် လိုအပ်ရင် ပုလင်းကြီးချိတ်ရမှာပေါ့နော်။

DW ။ ဝမ်းပျက်ဝမ်းလျှောဖြစ်လာပြီဆိုရင် ဓာတ်ဆားရည်တို့ ပိုးသတ်ဆေးတို့ လက်လှမ်းမမီတဲ့နေရာ ဒေသတွေမှာဆိုရင်ရော အခြားဘာတွေသုံးလို့ရသေးလဲခင်ဗျား။

ဖြေ ။ ဓာတ်ဆားကို လက်လှမ်းမမီဘူးဆိုရင် အုန်းသီးရည်သောက်။ ကြိုက်တဲ့အရည်ကို များများသာသောက်။အဓိကကတော့ ဆားလေးပါရမယ်။သကြားလေးပါရမယ်။အဲဒါအပြင် ဓာတ်ဆားရည်မရှိတဲ့နေရာမှာ ဆားနဲ့ သကြားရောဖျော်တဲ့ဟာရှိတယ်။ အဲဒါကတော့ မဖြစ်သာမှ သုံးကြတာပေါ့နော်။ အူနံရံစုပ်ယူမှုအားတို့ ဘာတို့ကတော့ (ဓာတ်ဆားလောက်) မကောင်းဘူးပေါ့ ခင်ဗျား။ဒါပေမဲ့ဘာမှသောက်စရာမရှိရင်တော့ သောက်ရမှာပဲ။ နောက်ဆုံး ရေတစ်ခွက်ထဲကို သကြားတစ်စွန်းထည့် ဆားလေးခံနိုင်ရုံ(သောက်နိုင်ရုံ)ဖျော်သောက်လို့လည်း ရတာပေါ့။ အဓိကကတော့ ကိုယ်ခံစွမ်းအားအတွက် ရေနဲ့သကြားနဲ့ဆားနဲ့ကို ပြန်ဆွဲတာပေါ့နော်။

နောက်ပြီးတော့လေ သန့်သန့်ရှင်းရှင်း ပူပူနွေးနွေးဖြစ်တဲ့ စွပ်ပြုတ်တို့ဘာတို့ သောက်လည်းရတယ်။ ဒါပေမယ့်များများ သောက်ဖို့တော့လိုတယ် ထွက်သမျှကတော့။ အဓိက အခြေခံစဉ်းစားတဲ့အချက်က ထွက်သမျှဝင်အောင်သောက်။ အန်ရင်လည်း (ဆက်)သောက်။ရေတစ်ခွက်သောက်တယ် အန်တယ်။နည်းနည်းသက်သာရင် ထပ်သောက်။ရေတစ်ခွက်သောက်လို့ လူကမခံနိုင်ဘူး အန်တယ်ဝမ်းက တဗျစ်ဗျစ်သွားနေတယ်ဆိုရင် ၅ မိနစ်ခြား ဆက်တိုက်သောက်။ အဓိကကတော့ အဲလိုမျိုးဖြစ်နေပြီဆိုရင်တော့ မြန်မြန် ကျန်းမာရေးဝန်ထမ်းရှိတဲ့နေရာကိုသွားတာ ကောင်းတာပေါ့နော်။ အဲဒီမှာတစ်ချက်က ဘာတုန်းဆိုတော့ သူ့ကိုပြုစုတဲ့လူတွေ၊ သူထွက်ထားတဲ့ဟာတွေသည် ပိုးပါတယ်။ အဲဒါကို စနစ်တကျစွန့်ပစ်ဖို့လိုတယ်။ သူ့ကိုကပြုစုတဲ့လူတွေသည် သူ့ကိုကိုင်ပြီးတဲ့အချိန်မှာ လက်ကိုရေနဲ့ဆပ်ပြာနဲ့ စင်အောင်ဆေးဖို့လိုတယ်။ တစ်ခါတစ်လေသူက(လူနာ)က မထနိုင်ဘူး။ အိပ်ရာထဲမှာပဲ (ဝမ်း) သွားလိုက်တယ်။ ဒါဆိုရင် အိပ်ရာတွေဘာတွေလဲတဲ့ လူတွေသည် လက်အိတ်ဝတ်၊ သေချာလဲ ပြီးရင် ရေနဲ့ဆပ်ပြာနဲ့သေချာဆေး လျှော်ပေါ့နော်။ သူ့ဆီကနေ တခြားလူတွေကို ကူးမှာစိုးတာပေါ့နော်။

DW ။ ခုနက ဆရာရှင်းပြတဲ့အထဲမှာလေ အန္တရာယ်ရှိတဲ့ အနေအထားပေါ့လေ၊ ဝမ်းတော့သွားတယ် ဒါပေမဲ့ပုံမှန်မဟုတ်တဲ့ အရောင်တွေနဲ့ အနံ့တွေဖြစ်တာပေါ့လေ။ အဲလိုမျိုးလက္ခဏာတွေအပြင် ဝမ်းပျက်ဝမ်းလျှောလူနာတစ်ယောက်ရဲ့ စိုးရိမ်ရတဲ့ လက္ခဏာတွေဆိုရင် မျက်မြင်အားဖြင့်ဆိုရင် ဘယ်လိုမျိုးပုံစံတွေပြလာပြီဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ ဆေးရုံဆေးခန်းတွေကို သွားသင့်လဲပေါ့ခင်ဗျား။

ဖြေ ။ လူ(နာ)က ဖင်ကထွက်သမျှ ပါးစပ်က ဝင်အောင်မသောက်နိုင်တော့တဲ့အခြေအနေ။ ပြီးရင် မျက်ကွင်းကြီးညိုလာမယ်။ မျက်ကွင်းကြီးတွေ ချိုင့်လာမယ်။ နောက်ပြီး ဝမ်းဗိုက်မှာရှိတဲ့ အရေပြားတွေကို ဆွဲကြည့်လိုက်ရင် ပုံမှန်ဝမ်းဗိုက်ဆိုရင် ပလွတ်ဆို ချက်ချင်းပြန်ကျသွားတယ်။ အခုက ဆွဲကြည့်ပြီးပြန်လွှတ်လိုက်ရင် တဖြည်းဖြည်းချင်းပြီးမှ ပြန်ကျသွားတယ်။ အဲလိုအခြေအနေတွေ။ ပြီးရင် လူနာက မောတယ် မူးတယ်။ ခြေတွေလက်တွေက လုံးဝကို မလှုပ်ချင်တော့ဘူး။ ဇောချွေးတွေ အရမ်းပျံနေပြီ။အသက်ရှူနှုန်းကလည်း မကောာင်းဘူး။ အဲလိုဆိုရင်တော့ သွားကိုသွားရတော့မယ်။တစ်ခါတစ်လေကျတော့လည်း အဲဒီလက္ခဏာတွေကိုသိပြီးတော့ ကိုယ့်ကိုကိုယ် အကြောက်လွန်တယ်။

အဓိကကတော့ မျက်ကွင်းတွေချိုင့်နေလား။လူနာက မောနေလား။ ဗိုက်မှာရော ဆွဲပြီးတော့ ဗိုက်အရေပြားပေါ့လေ။ ကိုယ်ခန္ဓာက အရေပြားတွေ တင်းအားက လျော့သွားပြီးတော့ ပျော့ပျော့ကြီးဖြစ်နေလား။ အဲလိုဟာတွေဆိုရင်တော့ (ကျန်းမာရေးဝန်ထမ်းဆီ) သွားကိုသွားရမှာခင်ဗျား။

ပထမတစ်ချက်က ထွက်သမျှမဝင်ဘူးဆိုရင် သွားကိုသွားရတော့မယ်။ ဟိုအဆင့်တွေကျတော့ နည်းနည်းလေးနောက်ကျတာ ပေါ့နော်။ မောလာပြီဆိုတဲ့အချိန်ကျမှသွားမယ်ဆိုရင် လမ်းခရီးအနေအထားအရအောက်က တဗျစ်ဗျစ်ထွက်နေတော့မှာလေ ။

DW ။ ဝမ်းပျက်ဝမ်းလျှောနဲ့ပတ်သက်ပြီးတော့ အခြားဖြည့်စွက်ပြောချင်တာများရှိလားခင်ဗျား။

ဖြေ ။ အဲဒါကတော့ တစ်ကိုယ်ရည်ကျန်းမာရေးဂရုစိုက်ပေါ့နော်။ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်။ လတ်လတ်(ဆတ်ဆတ်) စားပေါ့။ ယင်နားစာတွေ မစားနဲ့ပေါ့နော်။ ပြီးရင် အမှိုက်တွေ အညစ်အကြေးတွေ စနစ်တကျစွန့်ပစ်ပေါ့နော်။ လူထုအားနဲ့ ရေတွင်းရေကန်တွေဆယ်ပေါ့။ ဆယ်ပြီးရင် ကလိုရင်းတွေ ပြန်ခပ်ပေါ့နော်ခင်ဗျား။

DW ။ အခုလို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျား။