BREAKING
January 16, 2025

ပုလော ဆင်ထိုးကြီးရွာတိုက်ပွဲတွင် အရပ်သားနှစ်ဦးသေဆုံးပြီး ၁၀ ကျော်ဖမ်းခေါ်ခံရ

August 2, 2024

ပုလောမြို့နယ် ဆင်ထိုးကြီးရွာတိုက်ပွဲတွင် အရပ်သားနှစ်ဦးသေဆုံးပြီး ဒေသခံ ၁၀ ကျော် ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ဩဂုတ်လ ၁ ရက် ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဆင်ထိုးကြီးရွာတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ် ပလောက်အခြေစိုက် စစ်ကောင်စီ ခလရ(၂၈၀) ကလည်း ဆင်ထိုးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည်စထိမှန်သဖြင့် အသက် ၂၄ နှစ်အရွယ် ကိုကျော်မင်းစိုး ဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးကြောင်း ဆင်ထိုးရွာက စစ်ဘေးရှောင်နေရသည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ကျော်မင်းစိုးက လက်နက်ကြီးထိတာလို့ ပြောတယ်။ ဒန့်သလွန်ပင်ကို လက်နက်ကြီးထိပြီး အစက သူ့ကိုယ်ကို လာစင်တာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ညနေ ၄ နာရီခွဲခန့်တွင် တိုက်ပွဲငြိမ်သက်သွားပြီးနောက် စစ်ကောင်စီတပ်က ဆင်ထိုးကြီးရွာလယ်ဘုန်းကြီးကျောင်းနှင့် ရွာထဲတွင် တပ်စွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲငြိမ်သွားပြီးနောက် ည ၇နာရီခန့်တွင် ရွာသို့ ပြန်လာသည့် အသက် ၄၀ကျော်အရွယ် ကိုလွင်ဇော်ဆိုသည့် ဒေသခံမှာ ပစ်သတ်ခံရကြောင်း အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။

“ကိုလွင်ဇော်က ကြောင်ထမင်းကျွေးဖို့ဆိုပြီး သွားတယ်။ သူ့လက်ထဲမှာ ထမင်းထုပ်လေးတစ်ထုပ်နဲ့ သူက စစ်တပ်ရှိမှန်း မသိဘဲသွားလိုက်တယ်။ အဲဒီချိန်မှာ ပစ်ခံရတာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် ဆင်ထိုးကြီးရွာသား ၁၀ ကျော်ကို စစ်ကောင်စီတပ်က ၎င်းတို့စစ်ကြောင်းနှင့်အတူ ဖမ်းဆီး ခေါ်ဆောင်သွားပြီး လမ်းတစ်လျှောက်တွေ့ရှိသည့် ဒေသခံများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဆင်ထိုးကြီးရွာက ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြရကြောင်း ဒေသခံတို့က ဆိုသည်။