BREAKING
September 19, 2024

ရန်ကုန်-ထားဝယ် ကားလမ်းရှိ တံတားတစ်စင်းထပ်မံမိုင်းခွဲခံရပြီး ကားရာချီပိတ်မိ

August 2, 2024

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ တံတားငယ် တစ်စင်းသည် ယနေ့ နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း ဒေသခံများနှင့် ကားသမားတို့ထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် ၁၃၃/၆ နှင့် ၁၃၃/၇ ကြား အလျား ၇၀ ပေ၊ အနံ ၁၂ ပေရှိ တံတား မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားကြောင်း ၎င်းတို့က ပြောသည်။

တံတားမိုင်းခွဲဖျက်စီးခံရသည့်အတွက် နှစ်ဖက်ကားအစီးရေ ရာနှင့်ချီပြီး ပိတ်ဆို့နေကြောင်း ကားသမားတို့က ဆိုသည်။

“တံတားက ကားလုံးဝ သွားလာလို့မရတော့ဘူး။ အခုက နှစ်ဖက်စလုံးက ကားတွေ ပိတ်ဆို့နေတယ်။ တချို့ကလည်း ရွာလမ်းကနေ သွားဖို့ ကြိုးစားနေကြတယ်” ဟု ကားသမားတစ်ဦးက ပြောသည်။

လက်ရှိတွင် ကားငယ်အချို့ ကမာစိုင်ရွာပတ်လမ်းမှတစ်ဆင့် သွားလာနေကြသော်လည်း မိုးတွင်းကာလဖြစ်သည့်အတွက် ရွာလမ်းလည်း သွားလာရန် အဆင်မပြေသည့်အနေအထားရှိနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၂၃ ရက် နံနက်အစောပိုင်းကလည်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်ဘက်သို့ ဆက်သွယ်သွားလာ အသုံးပြုနေရသည့် မစောတံတား မိုင်းခွဲဖျက်စီးခံခဲ့ရသေးသည်။

အလားတူ မေလ ၁၁ ရက် နံနက်စောပိုင်းကလည်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သေးသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းပေါ်ရှိ တံတား မိုင်းခွဲဖျက်ဆီးခံရသည့် ဖြစ်စဉ်သည် မကြာခဏဖြစ်ပွားနေသည့်အပြင် ဘီးလင်း-ဖာပွန်လမ်းပိုင်းရှိတံတားနှင့် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းနှင့် တံတားမိုင်းခွဲခံရသည့်ဖြစ်စဉ်လည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။