မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ် တစ်ရက်တည်း သုံးနေရာတွင် တိုက်ခိုက်ခံရကြောင်း ဒေသခံနှင့် တော်လှန်ရေးအုပ်စုများထံမှ သိရသည်။
ညောင်ပင်ကွင်းတံတား စစ်ဆေးရေးဂိတ်၊ ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်နှင့် ညောင်ပင်ကွင်းရှိ အမှတ် (၅၆၁) တပ်ရင်းတို့ ဩဂုတ်လ ၁ရက်နေ့တွင် တိုက်ခိုက်ခံရကြောင်း ၎င်းတို့ထံမှ သိရသည်။
“မွန်းလွဲအချိန် ညောင်ပင်ကွင်းမှာ နှစ်နေရာ တိုက်ခံရတယ်။ ပြီးတော့ညဦးဖက် ဗောဓိကမ်းတံတားလည်း အတိုက် ခံရတယ်။ ထိခိုက်ဒဏ်ရာရမှုက မသိရသေးဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲတွင် ညောင်ပင်ကွင်းတံတားဂိတ် လျှပ်တစ်ပြက်တိုက်ခိုက်ခံရပြီး တစ်ပြိုက်နက် (၅၆၁) တပ်ရင်းကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတိုက်ပွဲတွင်ပါဝင်သည့် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
“ညောင်ပင်ကွင်းတံတားဂိတ်ကို ကော်သူးလေအာမီက ဝင်ပစ်တယ်။ ၅၆၁ တပ်ကိုတော့ ဘက်မလိုက်နဲ့ မြိတ်ခရိုင်တပ်ရင်း (၂) တို့ ဝင်ပစ်တယ်” ဟု ၎င်းက ပြောသည်။
ပစ်ခတ်တိုက်ခိုက်မှု မိနစ်သုံးဆယ်ခန့်ကြာမြင့်ခဲ့ပြီး ထိခိုက်သေဆုံးမှု စုံစမ်းဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းနောက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
ယင်းအပြင် ညဦးပိုင်းတွင်လည်း တနင်္သာရီမြို့နှင့် ဗောဓိကမ်းဆက်သွယ်ထားသည့် တံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ခိုက်ခဲ့သေးကြောင်း ဒေသခံနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထံမှ သိရသည်။
“တောင်ပံနီနဲ့ ဘက်မလိုက်တို့ ညှပ်ပြီးဝင်ချတယ်လို့ ကြားရတယ်။ အထိအခိုက်တော့ မကြားရသေးဘူး” ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
တနင်္သာရီနှင့် ပုလောမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး လက်ရှိအချိန်တွင် မြို့နယ် နှစ်ခုစလုံးရှိ စစ်ကောင်စီ ဂိတ်စခန်းများ၊ ပျူစောထီးစခန်းများ တိုက်ခိုက်ခံရမှု ခပ်စိပ်စိပ်ဖြစ်လာနေသည်။