ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ မူးဒူးရွာက ရွာသားလေးဦးသည် ဖမ်းဆီးခံရပြီး ၉ရက်ကြာသည် အထိ ပြန်လည်မလွတ်မြောက်လာသေးကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ၂၅ ရက်နေ့က မူးဒူးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မူးဒူးအပါအဝင် အနီးဝန်းကျင် ကျေးရွာတို့က ဒေသခံ ၁၁ဦး ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။
ယင်းအနက် ခုနစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး မူးဒူးရွာသား လေးဦးကိုမူ ရေနက်ဆိပ်ကမ်းရဲစခန်းသို့ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။
အဆိုပါရွာသားလေးဦးကို ဖမ်းဆီးသွားသည့်စစ်ကြောင်းက ဇူလိုင်လ ၂၇ ရက်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း လမ်းတွင် ကင်းပုန်းဝပ်နေသည့် နောက်ထပ်စစ်ကောင်စီစစ်ကြောင်းတစ်ခုက ထပ်မံဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။
“အခုဆိုရင် ၉ ရက်ရှိပြီ။ ဖမ်းထားတာ အရပ်သား တံငါသမားတွေပါ။ မိသားစုကလည်း ပြန်လွှတ်ပေးဖို့ ဆက်သွယ် တောင်းဆိုနေကြတယ်။ အခုထိတော့ ပြန်မလွှတ်ပေးသေးဘူး။ အဲဒီထဲမှာပဲ ရှိသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံထားရသူများအား မိသားစုဝင်များက သွားရောက်တွေ့ဆုံခွင့်ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
စစ်ကြောင်းဝင်ရောက်ချိန် နှစ်ဖက်ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦး ကျဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း တစ်ဦးသေဆုံးကာ နှစ်ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုထားသည်။
ဇူလိုင်လ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ရေဖြူမြို့နယ်ရှိ ဇာဒီကျေးရွာအုပ်စုက ဒေသခံ လေးဆယ် ကျော်ကို လူသားဒိုင်းသဖွယ် ဖမ်းဆီးခဲ့ပြီး စစ်ကြောင်းတစ်လျှောက်ခေါ်သွားခဲ့သေးသည်။
ယင်းနောက် ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းတွင်ဖမ်းဆီးခံရသူများအနက် ၄၆ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ခေါင်ပြန်ရွာသားနှစ်ဦးတို့ကိုမူ ရေနက်ဆိပ်ကမ်းရဲစခန်းသို့ ဆက်လက်ဖမ်းခေါ်သွားကြောင်း နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် နဘုလယ်ဒေသခံနှစ်ဦးကိုလည်း ဖမ်းခေါ်သွားကြောင်း ၎င်းက ပြောဆိုသည်။
“ခေါင်ပြန်က နှစ်ယောက်နဲ့ လဲရှောင်ကတစ်ယောက်ကျန်သေးတယ်။ ထိန်ကြီးက တစ်ယောက်က မနေ့ညနေက လွတ်လာတယ်လိုသိရတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ ရေနက်ဆိပ်ကမ်းရဲစခန်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထိန်းသိမ်းထားသည့် ဒေသခံ ခုနစ်ဦးအထိ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
မူးဒူးရွာသားလေးဦး၊ လဲရှောင်ရွာသားတစ်ဦးနှင့် ခေါင်ပြန်ရွာသားနှစ်ဦးတို့ ဖြစ်သည်။