BREAKING
December 30, 2024

မောရဝတီရေတပ်က ဖမ်းထားသည့် ဖောင်းတောရွာမှ အမျိုးသမီး ၃ ဦးပြန်လွတ်

July 2, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောကျေးရွာတွင် ဇွန်လ ၁၉ ရက်က အဖမ်းခံထားရသည့် ဒေသခံ လေးဦးအနက် အမျိုးသမီးသုံးဦးမှာ ဇူလိုင်လ ၁ ရက်နေ့ကပြန်လွတ်လာပြီဖြစ်ကြောင်း ရွာသားများထံကသိရသည် ။

ပြန်လွတ်လာသူများသည် ဒေါ်ဌေးဌေးအောင် ၊ ဒေါ်မီး နှင့် ဒေါ်ဝေဝေတို့ဖြစ်ကြကာ ၎င်းတို့နှင့်အတူ အဖမ်းခံရသည့် ဦးကတ်သား သည် ယနေ့ (ဇူလိုင် ၂) အထိ ပြန်မလွတ်လာသေးကြောင်း ၎င်းတို့ကပြောသည်။

“၁ ရက်နေ့တုန်းက ဌာနချုပ်(မောရဝတီရေတပ်)မှာ သူတို့မိသားစုတွေ ပြန်သွားခေါ်လာကြတယ် ။ အမျိုးသမီး၃ယောက် ယောက်ျားကြီးတစ်ယောက်တော့ပါမလာသေးဘူး” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောသည် ။

ဖေဖော်ဝါရီလ ကတည်းက မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကံပေါက်၊ ဗိုလ်ချုပ်ရပ်ကွက်မှ အထည်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးလည်း ဇွန်လ နောက်ဆုံးအပတ်က ပြန်လွတ်လာသည်ဟု မိသားစုနှင့်နီးစပ်သူများထံကသိရသည်။

ဇွန်လ ၂ဝ ရက်ညကလည်း ကလိန်အောင်မြို့တွင်း မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများ ကင်းလှည့်စဉ် အသက် ၆ဝ ဝန်းကျင်အမျိုးသားတစ်ဦးနှင့်လူငယ်‌လေးဦး ကို ဖမ်းဆီးခံရကာ ရေတပ်ဌာနချုပ်တွင် စစ်ဆေးခံနေရသည် ။ ၎င်းတို့နှင့်ဆက်စပ်၍ ကလိန်အောင် အမှတ် ၃ ရပ်ကွက် မှ အမျိုးသားတစ်ဦးကိုလည်း ဇွန်လ ၂၇ ရက်က ထပ်မံခေါ်ယူ စစ်ဆေးကာ ပြန်လွတ်ပေးခဲ့သည် ။

လက်ရှိအချိန်တွင် မောရဝတီရေတပ်စခန်းဌာနချုပ်၌ ကလိန်အောင်မြို့နှင့် ကံပေါက်ဒေသမှ အမျိုးသား ၆ ဦး ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်သည်။