BREAKING
January 18, 2025

စစ်ကောင်စီ ဖိအားပေး အရေးယူနေသဖြင့် ထိုင်းကွန်ဒိုဈေးကွက် ထိခိုက်မှုများရှိဟုဆို

July 2, 2024

ပုံစာ - ထိုင်းနိုင်ငံ ဘန်ကောက်မြိုက ကွန်ဒိုများ။

မြန်မာနိုင်ငံသားများ ထိုင်းကွန်ဒိုဝယ်ယူမှုအပေါ် စစ်ကောင်စီက ဖိအားပေး အရေးယူနေသောကြောင့် ထိုင်းကွန်ဒိုဈေးကွက်အပေါ် ထိခိုက်မှုများရှိနေကြောင်း ထိုင်းလုပ်ငန်းရှင်များ၏ ပြောကြားချက်ကို ကိုးကား၍ Bangkok Post ယနေ့ ဖော်ပြသည်။

ပြီးခဲ့သော ဧပြီလမှစ၍ မြန်မာဘက်က ကွန်ဒို အဝယ်ကျလာကြောင်း နာမည်ကြီး ကွန်ဒိုရောင်းဝယ်ရေးကုမ္ပဏီ Ananda Development ၏ အလုပ်အမှုဆောင်ချုပ်က ပြောဆိုခဲ့သည်။

ထိုင်းတွင် ကွန်ဒိုဝယ်ယူသူများကို စစ်ကောင်စီက လိုက်လံခြေရာခံ စစ်ဆေးနေသဖြင့် ဧပြီလမှစ၍ ဘီလီယံနှင့်ချီ တန်ဖိုးရှိသော ကွန်ဒိုတိုက်ခန်းများ အရောင်းအဝယ်ပျက်၍ အကျပ်ရိုက်နေခဲ့ကြောင်း ၎င်းက ဆိုသည်။

အရောင်းအဝယ် ရပ်ဆိုင်းသွားသဖြင့် ကွန်ဒိုလွှဲပြောင်းမှုများနှင့် ကုမ္ပဏီအကျိုးဆောင်များ၏ ဝင်ငွေများ သိသိသာသာ ကျဆင်းခဲ့ကြောင်း သူက ဆိုသည်။

ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူနေသော နိုင်ငံခြားသားများထဲတွင် မြန်မာနိုင်ငံသားများက ဒုတိယနေရာဖြင့် ဝယ်ယူမှု အများဆုံးဖြစ်နေခဲ့ရာမှ စစ်ကောင်စီ၏ အရေးယူမှုကြောင့် ဈေးကွက်ပျက်လာသဖြင့် Ananda Development ကုမ္ပဏီအပါအဝင် ကျန်အိမ်ခြံမြေလုပ်ငန်းများစွာ ထိခိုက်လာခဲ့ခြင်းဖြစ်သည်။

ယင်းထိခိုက်မှုကို ကာမိစေရန်အတွက် Ananda Development ကုမ္ပဏီက အကောင်အထည်ဖော်နေသော Serviced Apartment ၅ ခု၏ ဘတ် ၂ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို အတူဖော်ဆောင်နေသော Mitsui Fudosan ကုမ္ပဏီသို့ လွှဲပြောင်းရောင်းချလိုက်ရသည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် မြန်မာနိုင်ငံသားများ ထိုင်းတွင် ကွန်ဒိုဝယ်ယူမှုသည် ဘတ် ၂ ဘီလီယံကျော်အထိရှိခဲ့ပြီး ယခင်ကထက် ၃၃၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။

ပထမနေရာတွင် ရှိနေခဲ့သော တရုတ်နိုင်ငံသားများက ကွန်ဒိုဝယ်ယူမှုတန်ဖိုး ဘတ် ၅ ဘီလီယံကျော်ရှိခဲ့သော်လည်း ယခင်ကထက် ၈ ရာခိုင်နှုန်း လျော့နည်းလာနေခဲ့ကြောင်း စစ်တမ်းက ဖော်ပြထားသည်။

ပြီးခဲ့သော ဇွန်လ ၃ ရက်နေ့က ထိုင်းတွင် ကွန်ဒိုဝယ်ယူရောင်းချခဲ့သော မင်းသူကုမ္ပဏီက တာဝန်ရှိသူ ၂ ဦးနှင့် ဝယ်ယူထားသူ သုံးဦးကို ပြည်ပဘဏ်စာရင်းဖွင့်ငွေချေမှုနှင့် သက်ဆိုင်ရာ ခွင့်ပြုချက်မယူမှုများဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု သိသိသာသာ ကျဆင်းလာနေခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအစိုးရက ထိုင်းနိုင်ငံအပါအဝင် ပြည်ပတွင် ကွန်ဒိုဝယ်ယူသူများ၊ တရားမဝင် ဟွန်ဒီ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူများ၊ ဗဟိုဘဏ် ခွင့်ပြုချက်မရှိပဲ ပြည်ပတွင် ဘဏ်စာရင်း ဖွင့်လှစ်ထားသူများကို အရေးယူမည်ဟု ကြေညာထားသည်။