BREAKING
January 18, 2025

တနင်္သာရီနှင့် ကျွန်းစုမှ ရွာနှစ်ရွာကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ

July 2, 2024

ပုံစာ - သာရဖုံ(အနောက်)ရွာတွင် လေယာဉ်ပေါ်က ကြဲချခဲ့သည့် ဗုံးသီး။ ဓာတ်ပုံ - ပေးပို့

တနင်္သာရီမြို့နယ်၊ သာရဖုံ(အနောက်)ရွာနှင့် ကျွန်းစုမြို့ ဝါရစ်ရွာ တို့ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၂)နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း ဝါရစ်ရွာမှ အမျိုးသမီး ၂ ဦး နှင့် သာရဖုံ(အနောက်)ရွာမှ ကိုးတန်းကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းတို့ကဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းလှုပ်ရှားများကို ကင်းထောက်နေသည့် EAR တယ်လီဂရမ်ချန်နယ်တွင်လည်း နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် မြိတ်လေတပ်မှ Mi 2 တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး ပျံတက်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းလေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုတိုက်ခိုက်ခံရသည့် နေရာနှစ်ခုသည် ကျွန်းစုနှင့် တနင်္သာရီ မြို့နယ် နှစ်ခု၏ အစပ်တွင်တည်ရှိသည်ဟု ဒေသခံတို့ကဆိုသည်။

“ဝါရစ်မှာ အိမ် ၅ ဆောင်ထိတယ်။ အမျိုးသမီး ၂ ယောက်ထိတယ် ။ သာရဖုံအနောက်မှာတော့ အိမ်ထိတာမကြားရဘူး ။ လူကတော့ grade 9 ကျောင်းသားတစ်ယောက်ထိတယ် ။ ဖုန်းလိုင်းတွေလည်း သိပ်မကောင်းဘူး ခုနက အခြေအနေမေးကြည့်တာတောင် လိုင်းပြတ်တောက်ပြတ်တောက် ဖြစ်နေတယ်” ဟု တနင်္သာရီမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ဇွန်လ ၂၇ ရက်ကလည်း တနင်္သာရီမြို့နယ် သကျက်နှင့်ဘန်လော ကျေးရွာအုပ်စုများကို စစ်ကောင်စီက အကြောင်းမဲ့လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျွဲထိန်းကုန်းရွာတွင် အရပ်သား ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

စစ်ကောင်စီက ယခုကဲ့သို့ တနင်္သာရီမြို့နယ် ပတ်ဝန်းကျင်ရှိ ဒေသများကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် လေကြောင်းအန္တရာယ်ကို အချိန်နှင့်အမျှ စိုးရိမ်မှုရှိနေကြောင်း တနင်္သာရီဒေသခံများကပြောသည်။