BREAKING
September 19, 2024

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်ထောင်ကျော်ရှိလာ

July 2, 2024

ပုံစာ - ကျိုက်ထိုမြို့နယ်အတွင်း ယခုနှစ်အတွင်း နေအိမ်များတွင် ခြင်နှိမ်နင်းဆေး လိုက်ဖြန်းနေစဉ်။ ဓာတ်ပုံ - ကျိုက်ထိုမြို့နယ်ကျန်းမာရေးဌာန။

မွန်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ များပြားနေပြီး ဇူလိုင်လဆန်းပိုင်းအထိ ရောဂါဖြစ်ပွားသူ တစ်ထောင်ကျော် ရှိကြောင်း ကျန်းမာရေးဝန်ထမ်းတို့ထံမှ သိရသည်။

ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးကူးစက်ရောဂါမှာ ဇန်နဝါရီလမှ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လဆန်းပိုင်းခန့်မှစကာ ရောဂါဖြစ်ပွားမှု များလာကြောင်း ၎င်းတို့က ပြောသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားသူအများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်ပြီး မိုးရွာသွန်းမှုများသည့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့တွင် ပိုပြီး အဖြစ်များလာနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတို့က ဆိုသည်။

“သွေးလွန်တုပ်ကွေးက မိုးများလာတဲ့ ဇွန်၊ ဇူလိုင်၊ သြဂုတ်ပေါ့၊ ဒီလတွေမှာ ပိုအဖြစ်များပါတယ်။ သတိထားရမယ့် ကာလ ဖြစ်တယ်။ အထူးသဖြင့် ကလေးတွေကို ပိုပြီး ဂရုစိုက်ရပါမယ်။ ဒီကာလမှာ ကလေးတွေ နေမကောင်းဖြစ်လာရင် ဆေးရုံ၊ ဆေးခန်းပြဖို့ လိုပါတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

ပြည်နယ်အတွင်း၌ မော်လမြိုင်မြို့နယ်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု အများဆုံး မြို့နယ်ဖြစ်ပြီး ချောင်းဆုံ၊ ကျိုက်ထိုမြို့နယ် တွင်လည်း သွေးလွန်တုပ်ကွေး အဖြစ်များနေကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၂နှစ်တစ်ကြိမ် ၃နှစ်တစ်ကြိမ် အဖြစ်များတတ်သည့် သဘောသဘာဝရှိပြီး ပြီးခဲ့သည့် နှစ်များက ရောဂါဖြစ်ပွားခဲ့သည့်အခြေအနေကို ကြည့်ခြင်းအားဖြင့် ယခုနှစ်တွင် ရောဂါအဖြစ်များနိုင်သည်ဟု ကျန်းမာရေး တာဝန်ရှိသူတို့က ခန့်မှန်းထားသည်။

“ကလေးတွေ နေမကောင်းဖြစ်တာများတယ်။ သွေးလွန်တုပ်ကွေးပေါ့။ ဒီရာသီမှာ သွေးလွန်တုပ်ကွေးပဲအဖြစ်များတယ်။ ဆေးရုံ၊ ဆေးခန်းမှာဆိုရင် နေစရာတောင် မရှိဘူး” ဟု ကလေးမိခင်တစ်ဦးက ပြောသည်။

လက်ရှိတွင် ပြင်ပဆေးခန်းများတွင်လည်း လာရောက်ပြသသူများတွင်လည်း သွေးလွန်တုပ်ကွေးဖြစ်သူ များပြားနေကြောင်း ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တို့ထံမှ သိရသည်။

မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ကျန်းမာရေးဌာနက ကျန်းမာရေး ပညာပေးလုပ်ငန်းများ၊ ခြင်နှိမ်နင်းခြင်းလုပ်ငန်းများနှင့် ပိုးလောက်လမ်းသတ် ခြင်ဆေးခပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသလို ပြည်သူအနေနှင့်လည်း ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန် လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း ကျန်းမာရေးဝန်ထမ်းတို့က တိုက်တွန်းထားသည်။

ဖုံး၊ သွန်၊ လဲ၊ စစ်မှာ ရေအိုး၊ ရေခွက်၊ ရေစည် စသည်တို့ကို ဖုံးအုပ်ထားခြင်း၊ ခြင်ခိုအောင်းနိုင်သော ရေအိုး၊ ရေခွက်များကို သွန်ပစ်ခြင်း၊ ဘုရားပန်းအိုးများကို ပုံမှန်လဲပေးခြင်း၊ ပိုးလောက်လန်းများကို ရေစစ်ဖြင့် စစ်၍ ဖယ်ရှားခြင်းတို့ ဖြစ်သည်။