ရေဖြူမြို့နယ် ကျေးရွာသုံးရွာက ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လူသားဒိုင်းသဖွယ်ပြုလုပ်ကာ ရေနက်ဆိပ်ကမ်းဘက်သို့ စစ်ကြောင်းထိုးနေကြောင်း ဒေသခံများက ပြောသည်။
ကံပေါက်တိုက်နယ်၊ ဇာဒီရွာဘက်မှ ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် နဘုလယ်တိုက်နယ်ရှိ ရေနက် ဆိပ်ကမ်းဘက်သို့ ဇူလိုင် ၁ ရက် ညနေကတည်းက ဦးတည်စစ်ကြောင်းထိုးလာနေကြောင်း ဒေသခံတို့က ဆိုသည်။
အင်အား ၂ဝဝ ဝန်းကျင်ပါသည့် စစ်ကြောင်းတွင် ဇာဒီကျေးရွာအုပ်စုက ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော်ရွာသုံးရွာမှ ရွာသား အချို့ကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်ကာ ခေါ်ဆောင်နေကြောင်း ရွာသားများက ပြောဆိုသည်။
အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂၈ ရက်တွင် ခွေးမဖောရွာအနီး ဥဩစစ်ကြောင်း၊ နဂါးနီအဖွဲ့ YPDF နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ဇွန်လ ၂၉ ရက်တွင် ဇာဒီရွာသို့ ဝင်လာခဲ့သည်။
ဇွန်လ ၂၉ နှင့် ၃ဝ ရက် နှစ်ရက်အတွင်း ဇာဒီရွာရှိ ဈေးဆိုင်များနှင့် နေအိမ်များကို ဖောက်ထွင်းကာ သက်ကြီးပိုင်း သုံးဦးနှင့် အသက် ၃ဝ နှင့် ၄ဝ ဝန်းကျင်အကြားရှိ အမျိုးသား သုံးဦး စုစုပေါင်း ခြောက်ဦးကို လူသားဒိုင်းလုပ်၍ ဘုန်းတော်ကြီးကျောင်းတွင် တပ်စွဲခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
ယင်းစစ်ကြောင်းသည် ဇူလိုင်လ ၁ ရက် နံနက်အစောပိုင်းတွင် ဇာဒီရွာမှ ပြန်ထွက်စဉ် ဇာဒီနှင့် ခေါင်ပြန်ရွာအကြားရှိ တံတား အနီးတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် မိနစ်၂ဝခန့် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ရေတပ်သင်္ဘောက လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ရွာသားများထံမှ သိရသည်။
ဇူလိုင် ၁ ရက်တွင် ဇာဒီရွာကထွက်စဉ် သက်ကြီးပိုင်း သုံးဦးနှင့် အမျိုးသားတစ်ဦးတို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်နှစ်ဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်သွားရာ ယင်းအနက် အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက် ခဲ့ကြောင်း ထွက်ပြေးလွတ်မြောက်လာသူနှင့် နီးစပ်သူများထံမှ သိရသည်။
“ဇာဒီမှာ တပ်စွဲထားတုန်းက အဖမ်းခံရတဲ့ ယောက်ျားတစ်ယောက်ပါတယ်။ ကျန်တာ မနေ့ညနေ (ဇူလိုင် ၁ရက်) က ခေါင်ပြန်နဲ့ ဒိုက်တကော်မှာ အဖမ်းခံရတဲ့လူတွေ ရေနက်ဆိပ်ကမ်းဘက်ဆက်ခေါ်သွားတယ်။ လူဦးရေတော့ တိတိကျကျ မသိဘူး” ဟု ဇာဒီရွာသားတစ်ဦးက ပြောသည်။
ရေနက်ဆိပ်ကမ်းဘက်သို့ ဦးတည်သွားသည် စစ်ကြောင်းသည် ဇူလိုင် ၂ ရက်တွင် ထွက်ဝရွာသို့ ရောက်ရှိနေပြီး ဇာဒီရွာ တွင်လည်း နောက်ထပ်စစ်ကြောင်းတစ်ကြောင်း ထပ်မံရောက်ရှိနေကြောင်း ရွာသားများက ဆိုသည်။
ဇွန်လ ၂၃ ရက်ကစ၍ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ဇာဒီအုပ်စုရှိ ဇာဒီ၊ ဒိုက်တကော်၊ ခေါင်ပြန်၊ ကျောက်ထရံနှင့် ဖြူနပ် ရွာငါးရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကာ လျှပ်စစ်နှင့် အင်တာနက်လည်း ပြတ်တောက် နေဆဲဖြစ်ကြောင်း အဆိုပါကျေးရွာအုပ်စုနေ ရွာသားများထံမှ သိရသည်။