BREAKING
January 11, 2025

ရခိုင်တွင် ရွေးကောက်ပွဲ အများဆုံးအနိုင်ရပါတီ ANP ပါတီမှတ်ပုံတင်ခွင့်ငြင်းပယ်ခံရ

July 2, 2024

ပုံစာ - ANP ပါတီ၏ မဲဆွယ်စည်းရုံးပွဲတစ်ခု (ပုံဟောင်း)။ ဓာတ်ပုံ – AFP

ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲနှစ်ကြိမ်တွင် ရခိုင်ပြည်နယ်၌ လွှတ်တော်နေရာအများစုကို အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီ ANP ပါတီမှတ်ပုံတင်လျှောက်ထားမှုကို စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်သည်။

ပါတီဆက်လက်တည်ထောင်ရန် မှတ်ပုံတင်လျှောက်ထားမှုကို သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၇) ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှုမရှိသဖြင့် ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင်လ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်သည်။

စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို အသစ်ပြဋ္ဌာန်းကာ တည်ဆဲပါတီများကို မှတ်ပုံတင်ခိုင်းခဲ့ပြီး မှတ်ပုံမတင်သည့် NLD အပါအဝင် ပါတီ ၄၀ ကို ၂၀၂၃ ခုနှစ် မတ်လကုန်တွင် ဖျက်သိမ်းခဲ့သည်။

ပါတီဆက်လက် ရပ်တည်ရန် မှတ်ပုံတင်ခဲ့သည့် ရခိုင်ပြည်နယ်က အင်အားကြီး ANP ပါတီမှာလည်း ယခု မှတ်ပုံတင်ခွင့် ငြင်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

ငြင်းပယ်ခံရသည့် ပုဒ်မ (၇) ပြဋ္ဌာန်းချက်တွင် မတရားအသင်း၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရခြင်း၊ နိုင်ငံတော်ကို လက်နက်ကိုင်ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် တိုက်ရိုက် သွယ်ဝိုက် အဆက်အသွယ်ရှိခြင်း၊ အားပေးကူညီခြင်း အပါအဝင် အချက်ငါးချက် ပါဝင်သည်။

ယင်းအချက် ငါးခုအနက် မည်သည့်အချက်ကြောင့် ငြင်းပယ်လိုက်သည်ကို စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားခြင်း မရှိပေ။

ANP ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ရခိုင်အမျိုးသားပါတီသည် ဥပဒေဘောင်နှင့်အညီ၊ ဒီမိုကရေစီနည်းနှင့် နိုင်ငံရေးအရ အစဉ်အမြဲ ဦးဆောင်ကြိုးပမ်းခဲ့သောပါတီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲအဆက်ဆက် အနိုင်အရဆုံး အအောင်မြင်ဆုံးပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်လျှောက်ထားခြင်း ငြင်းပယ်လိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ရေးသားသည်။

“ဘာကြောင့် ပယ်ဖျက်လဲ ပုဒ်မ ၇ ကိုကြည့်ပါ” ဟု စာရေးသားပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၇) ပါ ပြဋ္ဌာန်းချက်ကို ဓာတ်ပုံနှင့်တကွ လူမှုကွန်ရက်တွင် ပို့စ်တင်ထားသည်။

ပါတီမှတ်ပုံတင်ခွင့် ငြင်းပယ်ခံရမှုနှင့်ပတ်သက်၍ ANP ပါတီကမူ ဇူလိုင်လ ၂ ရက် မွန်းလွဲ ၂နာရီအထိ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မတွေ့ရသေးပေ။

ANP ပါတီကို ရခိုင်ပြည်နယ်၌ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) တို့ ပူးပေါင်းပြီး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့တွင် ရခိုင်ပြည်နယ်၌ လွှတ်တော်နေရာအများစုကို အနိုင်ရခဲ့သည်။