ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ လဲရှောင်ရွာအနီး တောတန်းတွင် ယနေ့ ဇူလိုင်လ ၂ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး PDF ရဲဘော်အချို့ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဇူလိုင်လ ၁ရက်က ခမောင်းချောင်းကျေးရွာတွင် ညအိပ်တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် PDF တပ်ဖွဲ့တို့ ခမောင်းချောင်းရွာ၏ အနောက်တောင်ဘက် လဲရှောင်ရွာအနီး တောတန်းတစ်နေရာတွင် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ကင်းပုန်းဝပ်နေတဲ့ စစ်တပ်နဲ့ ကားနဲ့လာတဲ့ PDFတပ်တွေ ပစ်ကြတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
ထိုပစ်ခတ်မှုတွင် PDF တပ်ဖွဲဝင် သုံးဦး ဒဏ်ရာရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့နှင့် တော်လှန်ရေးတပ်ဖွဲ့တို့နှင့် နီးစပ်သူတစ်ဦးတို့ထံမှ သိရသည်။ စစ်ကောင်စီဘက်က ထိခိုက်မှု အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။
“အခုဖြစ်တာကတော့ ရွာသုံးရွာကြားမှာဖြစ်တာ။ ဒီမနက်အထိလည်း (စစ်ကောင်စီတပ်က) အဲဒီမှာ ရှိနေတုန်းပဲ” ဟု ဒေသခံအမျိုးသားအခြားတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းသည် ဇူလိုင်လ ၁ ရက် နံနက်ပိုင်းကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာကို စစ်ကြောင်းထိုး ဝင်လာသောကြောင့် ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိ၊ ဝါးဇွမ်းတော၊ ရငဲ၊ ကုန်းသာယာအင်း စသည့် ကျေးရွာများမှ ဒေသခံပြည်သူများ တိမ်းရှောင်နေကြရသည်။
ယနေ့ ပစ်ခတ်မှုဖြစ်သဖြင့် လဲရှောင်၊ ထိန်ကြီးကျေးရွာတို့က ဒေသခံများလည်း တိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။