တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက ရပ်ရွာလူထု အသုံးပြုသွားလာနေသည့် လမ်းများတွင် မိုင်းထောင်ထားသဖြင့် အခက်ကြုံနေရကြောင်း ဒေသခံများက ပြောသည်။
၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ တပ်ရင်းအနီးဝန်းကျင်အပြင် ရပ်ရွာလူထုသွားလာနေသည့် နေရာများတွင်ပါ မြေမြှုပ်မိုင်းများ ထောင်ထားသဖြင့် ရွာခံများမိုင်းနင်းမိပြီး ဒဏ်ရာရသည့်ဖြစ်စဉ်များရှိခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
“အဲဒီတပ်ရင်းက ရွာကနေ တနင်္သာရီဘက်ကိုသွားတဲ့ ကားလမ်းနံဘေးမှာရှိတော့ ကားလမ်းနံဘေးမှာကို မိုင်းထောင်တာကို တွေ့ရတယ်။ တခြားနေရာမှာဆို ပိုများတယ်” ဟု ညောင်ပင်ကွင်းကျေးရွာခံတစ်ဦးက ပြောဆိုသည်။
အဆိုပါ စစ်ကောင်စီခြေမြန်တပ်ရင်းသည် တနင်္သာရီမြို့မှ ညောင်ပင်ကွင်းကျေးရွာသို့လာပါက ညောင်ပင်ကွင်းရွာ အနောက်ကမ်းရွာထိပ်တွင် တည်ရှိသည်။
၂၀၂၃ ခုနှစ်ကလည်း အဆိုပါခြေမြန်တပ်ရင်းအနီးဝန်းကျင်တွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် မိုင်းထောင်ပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်လိုက်သည့်အတွက် ဒေသခံရော်ဘာခြံပိုင်ရှင်အချို့ အခက်ကြုံခဲ့ရသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။
ထိုအချိန်က မိုင်းထောင်ထားကြောင်း တပ်တွင်းလျှို့ဝှက်စာတစ်စောင် အွန်လိုင်းပေါ်ပျံ့နှံ့ခဲ့သေးသည်။
ယင်းအချိန်က ခမရ ၅၆၁ ခြံစည်းရိုးနှင့် မီတာ ၃၀၀ (ပေ ၉၀၀ခန့်) ပတ်လည်တွင် မိုင်းထောင်ထားသည့်အတွက် ခြံပိုင်ရှင်များ အလုပ်ရပ်နားထားရန် ပျူစောထီးအဖွဲ့ဝင်များက လိုက်လံပြောဆိုသလို စစ်ကောင်စီတပ်ကလည်း ဒေသခံအချို့ကို ခေါ်ယူသတိပေးခဲ့ကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြခဲ့သည်။
လက်ရှိတွင်မူ တပ်ရင်း၏အနောက်ဘက်တွင် ရွာသားများအသုံးပြုနေသည့် လမ်းများပေါ်တွင်လည်း မိုင်းများထောင်ထားကြောင်း ဒေသခံများက ဆိုသည်။
အထက်ပါ တပ်ရင်း၏အနောက်ဘက်တွင် ငါးအင်း၊ လယ်နှင့် ဥယျာဉ်ခြံများရှိပြီး ယင်းကဲ့သို့ မိုင်းထောင်ထားသည့်အတွက် ဒေသခံများလုပ်ငန်းခွင်ဝင်ရာတွင် စိုးရိမ်နေရကြောင်း ညောင်ပင်ကွင်းရွာက အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။
“အခုလို ခြံသွားတဲ့လမ်းမှာ မိုင်းထောင်ထားတော့ ကိုယ့်ခြံကိုတောင် မသွားရဲတော့ဘူးလေ။ မသွားရဲတော့ ခြံထွက်ပစ္စည်း မရဘူး။ သွားလို့ မိုင်းနင်းမိမှာကြောက်တော့ ရှိတဲ့အလုပ်ပဲ လုပ်စားပြီးနေရတာဆိုတော့ ငွေကြေးအခက်အခဲ ဖြစ်လာတာပေါ့” ဟု ၎င်းက ပြောသည်။
ရပ်ရွာလူထုအသုံးပြုနေသည့်လမ်းပေါ်အထိ မိုင်းထောင်သည့်အတွက် ဒေသခံများ မိုင်းနင်းမိရာတွင်လည်း နစ်နာကြေးမရသည့်အပြင် စစ်ကောင်စီတပ်က ရွာသားများထံမှ မိုင်းအတွက် လျော်ကြေးငွေတောင်းခံခဲ့သေးကြောင်း မိုင်းနင်းမိ၍ ငွေတောင်းခံရသူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အဲဒီတုန်းက မိုင်းထိလို့ ဒဏ်ရာကလည်းပြင်းထန် စိုးလည်းရိမ်ရဆိုတော့ အရေးပေါ် မြိတ်ဆေးရုံ ပို့ဖို့ဆိုပြီးသွားတာ တပ်ရင်းက ဖြတ်ခွင့်မပေးဘဲ ပေါက်ကွဲသွားတဲ့ မိုင်းဖိုး ငါးသိန်းတောင်းတယ်။ မပေးရင် ဖြတ်ခွင့်မပေးဘူးပေါ့။ အဲဒီမိသားစုကလည်း မပေးနိုင်တော့ ရွာသားတစ်ယောက်ကပဲ မကြည့်ရက်လို့ ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ကလည်း မိုင်းနင်းမိသဖြင့် ညောင်ပင်ကွင်းရွာသားတစ်ဦး ဒဏ်ရာရခဲ့သေးသည်။
ယခုနှစ်အတွင်း စစ်ကောင်စီတပ်ရင်းက ညောင်ပင်ကွင်းရွာအနီး ထောင်ထားသည့်မိုင်းပေါက်ကွဲမှု ငါးကြိမ်အထိရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်အပါအဝင် ဒေသခံများလည်း ထိခိုက်မှုရှိခဲ့သည်။