BREAKING
January 11, 2025

ဧရာဝတီ၊ ရိုးမ၊ ယူအေဘီအပါအဝင် ဘဏ်ခုနစ်ခုနှင့် ဗဟိုဘဏ်တာဝန်ရှိသူတို့ကိုအရေးယူမည်ဟု စစ်ကောင်စီကြေညာ

July 2, 2024

ဓာတ်ပုံ - Getty Images

အိမ်ရာချေးငွေထုတ်ချေးရာတွင် ဗဟိုဘဏ်သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်ငွေထုတ်ချေးသည်ဟုဆိုကာ ဧရာဝတီ၊ ရိုးမ၊ ယူအေဘီ အပါအဝင် ဘဏ်ခုနစ်ခုက တာဝန်ရှိသူတို့ကို အရေးယူသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာသည်။

ပုဂ္ဂလိကဘဏ်များသည် အကျိုးအမြတ်ပိုမိုရရှိရန် ဗဟိုဘဏ်ညွှန်ကြားချက်ကို ကျော်လွန်ဖျောက်ဖျက်ပြီး အိမ်ရာချေးငွေ များပြားစွာ ထုတ်ချေးနေသည်ဟု စစ်ကောင်စီက ဆိုသည်။

အရေးယူခံသည့် ဘဏ်များမှာ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် တို့ဖြစ်သည်။

ချေးငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ရောက်ရှိစေရေး ဆောင်ရွက်မည်ဖြစ်ပြီး ဘဏ်ခုနစ်ခုက တာဝန်ရှိသူများကိုလည်း အရေးယူသွားမည်ဟု ဆိုသည်။

သတ်မှတ်ချက်ကို ကျော်လွန်ထုတ်ချေးမှုနှင့် ပတ်သက်၍ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ထိရောက်သည့် ဒဏ်ကြေး ပေးဆောင်စေမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ယင်းအပြင် ပုဂ္ဂလိက ဘဏ်များကို စစ်ဆေးကြီးကြပ်ကွက်ကဲရန် အားနည်းခဲ့သည့် ဗဟိုဘဏ် တာဝန်ရှိသူများကိုလည်း စစ်ဆေးဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

ရိုးမဘဏ်သည် ဗဟိုဘဏ် သတ်မှတ်ရာခိုင်နှုန်းထက် ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်သည် ၈ဒသမ၉၄ ရာခိုင်နှုန်း၊ ဧရာဝတီဘဏ်သည် ၁ဒသမ၉၆ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ၁ဒသမ ၀၁ ရာခိုင်နှုန်း၊ ယူအေဘီဘဏ် ၃ဒသမ ၃၈ ရာခိုင်နှုန်း၊ မြန်မာမက်ထရိုဘဏ်က ၀ ဒသမ ၃၉ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်က ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားကြောင်း ဖော်ပြသည်။

မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းပြီးနောက် စစ်ကောာင်စီက ရွှေဆိုင်များ၊ ငွေလဲ၊ ငွေလွှဲလုပ်ငန်းလုပ်သူများ၊ ဆန်စျေး တက်ပြီးနောက် ဆန်ကုန်သည်များ၊ ဆန်စက်ပိုင်ရှင်များ၊ စျေးဝယ်စင်တာများ စသည်တို့ကိုလည်း ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်ကာ စျေးကွက်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။