BREAKING
January 2, 2025

ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌကို စစ်ကောင်စီဖမ်း

July 2, 2024

ထားဝယ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌကို စစ်ကောင်စီက ဇွန်လ တတိယအပတ်တွင် ဖမ်းဆီးထားကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် အိမ်နီးချင်းအချို့ထံမှ သိရသည်။

ခရိုင်ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ်ကို ဇွန်လတတိယအပတ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်မလွတ်သေးဟုသိရကြောင်း ၎င်းတို့က ပြောသည်။

စစ်ကောင်စီတပ်သားများက ဦးနိုင်လွင်လတ်ကို လာဖမ်းချိန်တွင် ဇနီးဖြစ်သူကိုပါ ဖမ်းဆီးသွားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဇနီးဖြစ်သူကို ပြန်လွှတ်ပေးလိုက်ကြောင်း တစ်ရပ်ကွက်တည်းနေသူတစ်ဦးက ဆိုသည်။

ဦးနိုင်လွင်လတ်ကို ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။

“ပြန်လွတ်ဖို့က မလွယ်ဘူးလို့ ကြားတယ်။ လက်ရှိအချိန်ထိတော့ ပြန်မလွတ်သေးဘူးလို့ သိရတယ်” ဟု တစ်ရပ်ကွက်တည်းနေသူက ပြောသည်။

ထားဝယ်ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ခရိုင်ဆန်အသင်းဥက္ကဋ္ဌ ဦးနိုင်လွင်လတ် အဖမ်းခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် လက်ရှိအချိန်တွင် ဦးနိုင်လွင်လတ် ပြန်လွတ် မလွတ်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ဆန်စျေးနှုန်းကို သတ်မှတ်နှုန်းထားထက် မြှင့်တင်ရောင်းချသည်ဟုဆိုကာ စီးတီးမတ် (City Mark) ကုမ္ပဏီဒါရိုက်တာ၊ စိန်ဂေဟာနှင့် Orange ၊ One Stop Mart က တာဝန်ရှိသူများအပါအဝင် ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များကို ဖမ်းဆီးပြီး အမှုဖွင့်ထား ကြောင်း စစ်ကောင်စီက ဇွန်လ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

ဆန်စျေးနှုန်းများကြီးမြင့်နေ၍ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဆန်ဂိုဒေါင် ၁၀၂ လုံး၊ ဆန်စက် ၂၅ လုံးနှင့် ဆိုင်ခန်း ၇ ခန်း၏ ဆန်ရောင်းဝယ်မှုများကို စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့ စစ်ဆေးရာတွင် စျေးကွက်စျေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ စျေးတင် အကျိုးအမြတ် ရောင်းချသည် ဆိုသော စျေးဝယ်စင်တာ ၂၂ ခုက တာဝန်ရှိသူ ၄ ဦးကို အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီ၏ သတ်မှတ်ဆန်စျေးနှုန်းထက် ၃၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ အကျိုးအမြတ်တင် ရောင်းချသည် ဟုဆိုကာ ဆန်စပါးလုပ်ငန်းရှင် ၇ ဦးကို ယင်းဥပဒေအရ အမှုဖွင့်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက ဖမ်ဆီးအရေးယူခဲ့သည်ဆိုသည့် ထုတ်ပြန်ချက်တွင် တနင်္သာရီတိုင်းအတွင်းရှိ ဆန်စပါးလုပ်ငန်းရှင်များ ပါဝင်ခြင်း မရှိပေ။