BREAKING
September 7, 2024

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

June 2, 2024

ယခုအပတ် ရွှေဈေးမှာ ဈေးကွက်ကမောက်ကမဖြစ်သွားသည်အထိ စံချိန်တင်တက်ခဲ့ပြီး အကျလည်းကြမ်းခဲ့သည်။

ထိုင်းဘတ်ဈေးလည်း အမြင့်ဆုံးဈေးတန်းသို့ ရောက်သွားပြီးနောက် ကျရိပ်ပြန်ပြခဲ့သည်။

စက်သုံးဆီဈေးမှာ အပြောင်းအလဲမရှိဘဲ တောက်လျှောက်ငြိမ်နေရာမှ ရုတ်တရက် ပြန်ကျသွားသည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ရွှေသမိုင်းတစ်လျှောက် စံချိန်တင်တက်သွားပြီးနောက် ဈေးကွက်အတွင်း ကမောက်ကဖြစ်ကာ အရောင်းအဝယ်ရပ်ဆိုင်းသည်အထိ အလှုပ်အခတ်ကြမ်းခဲ့သည်။

အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်းကျော်အထိ ခုန်တက်သွားပြီးနောက် စစ်ကောင်စီ၏ အဖမ်းအဆီးများကြောင့် အရောင်းပိတ်လိုက်သည်အထိ ဖြစ်သွားခဲ့သည်။

ထိုနောက် အမြင့်ဆုံးဈေးတန်းသို့ ရောက်နေသည့် အခေါက်ရွှေသည် မေလ ၃၁ ရက်နေ့တွင် ရုတ်တရက်ပြန်ကျသွားပြီး တစ်ကျပ်သားလျှင် ၂ သိန်းခွဲနီးပါးအထိ ပြုတ်ကျသွားသည်။

ဈေးကွက်လေ့လာသူများ၏အဆိုအရ အခုကဲ့သို့ ရွှေစျေးကျသွားခြင်းမှာ စစ်ကောင်စီ၏ ဖမ်းဆီးမှုကြောင့် စျေးကွက်အရောင်းအဝယ် တန့်သွားချိန်တွင် စျေးကွက်အတွင်းသို့ ဗဟိုဘဏ်က ဒေါ်လာရောင်းချခြင်း၊ ကမ္ဘာ့ရွှေစျေးနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကျသွားခြင်းတို့အတွက် စျေးကွက်သဘောအရ ပြန်ကျလာခြင်းဖြစ်သည်။

စစ်ကောင်စီဗဟိုဘဏ်က မေလ ၃၁ ရက်နေ့တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်းရောင်းပေးခဲ့သည်။

ထိုအခြေအနေတွင် ထိုင်းဘတ်ဈေးလည်း တောက်လျောက်တက်နေရာက မေလ ၃၁ ရက်နေ့တွင် ပြန်ကျလာသည်။

ပြီးခဲ့သည့်ရက်များက ထိုင်းငွေတစ်ဘတ်လျှင် ၁၂၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေရာက ကျရိပ်ပြလာခြင်းဖြစ်သည်။

ရွှေနှင့် ဘတ်ဈေးအလှုပ်အခတ်ကြမ်းနေချိန်တွင် ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျောက်ငြိမ်နေခဲ့သည်။

ထားဝယ်ဈေးကွက်တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၇၁၅ ကျပ် ဖြင့် တောက်လျှောက် ဈေးဖွင့်ထားရာမှသောကြာနေ့တွင် အနည်းငယ်ပြန်ကျလာပြီး ၂၆၆၀ ကျပ်ဖြင့်ရောင်းချနေသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ကျပ် ၃၀၀၀ ကျပ်မှ ကျပ် ၄၀၀၀ အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

စံချိန်တင်တက်ပြီးနောက် ကျရိပ်ပြလာသည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင်လည်း ဆက်ကျလာနိုင်သည်။

ကမ္ဘာ့ရွှေဈေးကလည်း တဖြည်းဖြည်းပြန်ကျနေပြီး ဒေါ်လာငွေလဲနှုန်းကလည်း အကျဘက်တွင်ရှိနေသည်။

ဇွန်လ ၁ ရက်နေ့တွင် ကမ္ဘာ့ဈေးကွက်ပေါက်ဈေးအရ ရွှေတစ်အောင်စလျှင် ၂၃၂၇ ဒေါ်လာ ဈေးဖွင့်ထားခဲ့သည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၃၃၄ ဒေါ်လာ ဝန်းကျင် ပေါက်ဈေးရှိခဲ့သည့်အတွက် တစ်အောင်စလျှင် ၇ ဒေါ်လာကျသွားသည်။

ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့ကမူ တစ်အောင်စလျှင် ၂၅၀၀ ဒေါ်လာဝန်းကျင်အထိ ဈေးမြောက်ခဲ့ပြီး ရွှေသမိုင်းတစ်လျှောက် စံချိန်တင်သွားခဲ့သည်။

ထိုသို့ ကမ္ဘာ့ရွှေဈေးပြန်ကျနေချိန်တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းကလည်း ပြန်ကျလာသည်။

စစ်ကောင်စီဗဟိုဘဏ်က မေလ ၃၁ ရက်နေ့တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ ၅ သန်းနှင့် တရုတ်ယွမ် ၅ သန်းရောင်းပေးပြီး ဈေးကွက်အတွင်းထည့်လိုက်သည့်အတွက် ဒေါ်လာဈေးမှာ ဆက်ကျလာမည့် အနေအထားရှိသည်။

ပြီးခဲ့သည့်မေလ ၃၀ ရက်နေ့က တစ်ဒေါ်လာလျှင် ၄၇၀၀ ကျပ်အထိ တက်ခဲ့ပြီးနောက် နောက်ရက်များတွင် ပြန်ကျလာပြီး ၄၄၀၀ ကျပ်ဝန်းကျင်ဈေးဖွင့်ထားခဲ့သည်။

ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့ရွှေပေါက်ဈေးနှင့် အမေရိကန်ဒေါ်လာငွေလဲနှုန်းအပေါ် အခြေခံတွက်ချက်လေ့ရှိရာ လာမည့်အပတ်ပြည်တွင်းရွှေဈေးမှာ အကျဘက်ပြန်ရောက်လာနိုင်ကြောင်း သုံးသပ်ရသည်။

ဆက်တိုက်တက်ခဲ့သည့် ထိုင်းဘတ်ဈေးသည် သောကြာနေ့တွင် ပြန်ကျသွားပြီး လာမည့်အပတ်တွင် လည်း ကျရိပ်ဆက်ပြနေမည်ဖြစ်သည်။

သို့သော် ပြည်တွင်းမငြိမ်မသက်မှုများကြောင့် ငွေကြေးတတ်နိုင်သူများက ထိုင်းနိုင်ငံတွင် ကွန်ဒိုအခန်းများဝယ်ယူမှုများနေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်လာခြင်းကြောင့် ဘတ်ငွေလိုအပ်ချက်က မြင့်မားနေဖြစ်သည်။

ထို့အပြင် တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာသည့် ပြည်တွင်းအခြေအနေများကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ရပ်တန့်လုနီးပါးဖြစ်နေပြီးစစ်ကောင်စီ၏ စစ်မှုမထမ်းမနေရစနစ်ကြောင့် လူငယ်အများအပြားမှာ နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပသို့ထွက်ခွာနေကြဆဲဖြစ်သည်။

ထိုအခြေအနေများကြောင့် ထိုင်းဘတ်ဈေးမှာ အကျကြမ်းမည့် အနေအထားမရှိကြောင်းခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ဒေါ်လာငွေလဲနှုန်းကလည်း အပြောင်းအလဲများနေသည့်အပြင် မတည်ငြိမ်သည့် ကမ္ဘာ့အရေးအရာများကြောင့် စက်သုံးဆီဈေးမှာ ခန့်မှန်းရခက်သည့် အခင်းအကျင်းဖြစ်သည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေများကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မည့်အရေးကလည်း အစိုးမရဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးမှာ အလှုပ်အခတ်နည်းနည်းဖြင့် လက်ရှိနှုန်းအတိုင်းပင် ဈေးဖွင့်ထားနိုင်ကြောင်း ခန့်မှန်းရသည်။