BREAKING
January 9, 2025

ကလိန်အောင် - ရေဖြူလမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွား

June 2, 2024

ပုံစာ - လက်နက်ကြီး ပစ်ခတ်နေသည့် ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ - ရွှေဘီလုံး

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာ အခြေစိုက် ခမရ ၄၀၈ တပ်ရင်းအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ မေလ ၃၁ ရက်က ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ကလိန်အောင် ဒေသခံများထံကသိရသည်။

ကလိန်‌အောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရွှေဘီလုံးအဖွဲ့ နှင့် KTLA ၊ DNLA တပ်ဖွဲ့များ က ကလိန်အောင်-ရေဖြူလမ်းပိုင်း၌ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စတင် ပစ်ခတ်ခဲ့၍ ပူးပေါင်းတပ်ဖွဲ့များ ၄ဝ မမလေးလုံးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ယနေ့ (ဇွန်၂) တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

” သောကြာနေ့က PDFတွေ လမ်းပိုင်းစစ်ဆေးနေလို့ ကျောက်ရှပ် ၊နွယ်လီ ၊ ချောင်းဆုံဘက်တွေကို စစ်တပ်က လက်နက်ကြီး တစ်နေကုန်ထုနေတယ် ။ အဲဒီနေ့နောက်ပိုင်းတော့ မထုတော့ဘူး” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။

လက်နက်ကြီး ပစ်ခတ်မှုများအတွင်း လူထိခိုက်ဒဏ်ရသည့် ဖြစ်စဉ်များကိုမူ မကြားရကြောင်း ၎င်းကဆက်ပြောသည်။

မေလ ၂၇ ရက်ညကလည်း ကလိန်အောင်တံတားဂိတ်မှ စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်မှု ပြုလုပ်ခဲ့ပြီးနောက် ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းများက မြို့ပတ်ဝန်းကျင်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု မြို့ခံများကဆိုသည်။

ကျောက်ရှပ် နှင့် ဇင်းဘာရွာသားများလည်း ဘေးလွတ်ရာ ရှောင်တိမ်းနေရဆဲဖြစ်သည်ဟု ယင်းရွာသားများကပြောသည်။

မေလတွင် ကလိန်အောင်တံတားဂိတ် တိုက်ခိုက်ခံရမှုအပါအဝင် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရမှု လေးကြိမ်ထက်မနည်းရှိခဲ့ပြီး စစ်ကောင်စီ၏ လက်နက်ကြီးပြန်လည် ပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်မှုများလည်း ရှိခဲ့သည်။