မြိတ်မြို့တွင် ဗုံးဟုယူဆရသည့် အရာပေါက်ကွဲပြီး လူထိခိုက်မှုမရှိကြောင်း မြို့ခံများထံမှ သိရသည်။
ကလွင်နယ်မြေ၊ ပုလဲဒီပါရပ်ကွက်က လမ်းကြားတစ်ခုတွင် ယနေ့ ဇွန်လ ၂ရက် မွန်းလွဲ ၃ နာရီခန့်က ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပေါက်ကွဲမှုဖြစ်သည့် လမ်းကြားသည် လူအသွားအလာနည်းပြီး အနီးတွင် ဟော်တယ်တစ်လုံး၊ KTV ဆိုင်နှင့် ရေကူးကန်တစ်ခုရှိကြောင်း ရပ်ကွက်သားများထံမှ သိရသည်။
“မိုးမရွာခင်လေးမှာ ဒုန်းဆိုပြီး အသံကြားရတယ်။ အိမ်တောင်တုန်သွားတယ်” ဟု ယင်းရပ်ကွက်နေသူတစ်ဦးက ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ကားများ ရောက်ရှိလာပြီး စစ်ဆေးခဲ့ကြောင်း ရပ်ကွက်နေသူ နောက်တစ်ဦးက ပြောဆိုသည်။

“ကားတွေနဲ့ အများကြီးပဲ ရောက်လာကြတာ။ လူထိခိုက်မှု မရှိဘူးလို့ ပြောနေကြတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မြိတ်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များ လုံခြုံရေးယူထားသည့် အနေအထား တွေ့ရကြောင်း မြို့ခံအချို့က ဆိုသည်။
မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်က ဗုံးပေါက်ကွဲမှုများ၊ ပစ်ခတ်သေဆုံးမှုများဖြစ်ခဲ့ပြီး ယခုနှစ်တွင် အထက်ပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ ပထမဆုံးဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။