မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတော့ ကျယ်ကျယ်လောင်လောင် လော်လာတာက လျှပ်စစ်ကား(EV)တွေ အသုံးပြုကြဖို့ဆိုပဲ။
စစ်ကောင်စီလက်ထက်မှာ လျှပ်စစ်မီးတွေပျက်လို့ ကျေးလက်တွေမပြောနဲ့ မြို့ပြတွေတောင် ဖယောင်းတိုင်နဲ့ နေနေရတာ။ လျှပ်စစ်ကားများ ဘာနဲ့အားသွင်းကြမလို့ပါလိမ့်လို့ တွေးမိပြီး ရယ်မိသေးတယ်။
ငါတို့ထားဝယ်ကတော့ လျှပ်စစ်တစ်ယူနစ် ၄၀၀ ကျော်နဲ့ ဈေးကြီးပေးသုံးနေရတယ်ဆိုပေမယ့် ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေမှာ မီးပျက်လို့ လူတွေအခက်တွေ့နေချိန် ထားဝယ်မှာတော့ အေးဆေးပဲ။
ဒီတော့ စက်သုံးဆီဈေးတွေတက်လို့ စိတ်ညစ်နေတဲ့ ကိုယ့်လည်း လျှပ်စစ်နဲ့ အားသွင်းလို့ရတဲ့ EV ဆိုင်ကယ်လေးတစ်စီး ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။
EV ဆိုင်ကယ်လေး ဝယ်ပြီးကာမှ ငါးပါးမှောက်ပါကရောလား။
ငါတို့က လျှပ်စစ်မီးကို စျေးကြီးပေးဝယ်သုံးရပေမယ့် မီးမှန်တယ်ကွဆိုပြီး ကြွေးကြော်ခဲ့တဲ့ ထားဝယ်သားတွေ အခုတော့ မီးပျက်တဲ့ ဒုက္ခကို နဖူးတွေ့ ဒူးတွေ့ကြုံနေကြရပြီလေ။
ပျက်နေတဲ့မီးစက်ကြီးကို သူတို့ပြင်ပြီးရင် ပုံမှန်ရတော့မယ် ဆိုထားတော့ ဒီနေ့ပြီးနိုးနိုး၊ နောက်နေ့ပြီးနိုးနိုးနဲ့ စောင့်နေသေးတာ။
ဘယ်ဟုတ်မလဲ။ ထွက်လာတော့ အလှည့်ကျစနစ်နဲ့ပဲ ပေးတော့မယ်တဲ့။ စာရွက်ထဲကြည့်လိုက်တော့ မီးပျက်မယ့်စာရင်းထဲမှာ ၂၀၂၈ အထိတောင်ပါနေတာ။ အဲဒါက ကွန်ပျူတာစာစီတဲ့သူ အိပ်ငိုက်သွားလို့ မှားရေးမိတာများလား။ တစ်ကယ်ပဲ မျှော်လင့်ချက်မဲ့ပြီလား ဆိုတာတော့ စောင့်ကြည့်ရမှာပ။
ဒီထက်ဆိုးတာကတော့ ဘုရားစူး အလှည့်ကျစနစ်ဖြစ်နေတာပဲ။
သူတို့အလှည့်ကျက A အုပ်စုမှာလည်း မီးမလာ၊ B အုပ်စုမှာလည်း လာရမယ့်အချိန်မလာ။
C အုပ်စုက ရဲစခန်းတို့၊ စစ်ကောင်စီစခန်းတို့ကျတော့ လင်းထိန်လို့။ ဒါပေမဲ့ စာရွက်ထဲတော့ C အုပ်စုကြောင်း မထည့်ထားဘူး။ သူက ၂၄ နာရီရမှာဖြစ်လို့နေမယ်။
မီးသွင်းဖို့မရှိလို့ အလှကြည့်ထားရတဲ့ ကိုယ့် EV ဆိုင်ကယ်လေးတော့ ပြန်ရောင်းထုတ်မှရတော့မယ်။ အခုမီးပျက်ပုံမျိုးနဲ့ ဝယ်မယ့်သူရှိပါ့မလားတောင် မသိပါဘူး။
စစ်ကောင်စီ ဝန်ကြီးချုပ် ဦးမြတ်ကိုကြီးကတော့ မီးပျက်တာနဲ့ တခြားအင်ဂျင်တွေနဲ့ အစားထိုးပြီး ချက်ချင်းမီးပြန်ရအောင် လုပ်ပေးမယ်လို့ပြောထားတာ သွားသတိရတယ်။
မတ်လ ၆ ရက်နေ့ကလုပ်တဲ့ လျှပ်စစ်ကုမ္ပဏီ Petro & Trans ကို ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေး ၄ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ပွဲမှာ အဲဒီလိုပြောသွားတာ။
အဲဒီလိုကြီးကို တကယ်ပြောသွားတာပါ မယုံရင် သူတို့ရဲ့ ပြန်ကြာရေး Facebook Page မှာ ပြန်ရှာဖတ်လို့ရတယ်။
အစတုန်းကတော့ အဟုတ်မှတ်နေသေးတာ။ တကယ်လည်းမီးပျက်ရော လေလုံးထွားမှန်းသိတော့တာ။ ဖွတ်ထွက်မှ တောင်ပို့မှန်းသိ ဆိုတာမျိုးပေါ့။
ဒါနဲ့ဆက်စပ်လို့ အဲဒီ အစည်းအဝေးကိုလာတဲ့ ဝန်ကြီးချုပ်တွေ၊ အရာရှိတွေကို လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးမယ့် ကုမ္ပဏီက ပါဝါဘဏ် (Power Bank) တစ်ယောက်တစ်လုံးစီ လက်ဆောင်ပေးသတဲ့လေ။ အံ့ဩပ၊ ကမ္ဘောဇ။
ဒါပေမဲ့ စိတ်မပူနဲ့ဦး …. ၂၀၂၄-၂၅ ဘဏ္ဍာနှစ်မှာ တနင်္သာရီတိုင်းထဲ လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း ၈၂ ခုတောင် လုပ်မှာတဲ့။
အဲဒါလည်း အဲဒီဝန်ကြီးချုပ်ပြောတဲ့စကားပဲ။ တိတိကျကျဆိုရင် ဧပြီလ ၄ ရက်နေ့မှာလုပ်တဲ့ ဒေသန္တရစီမံကိန်းများ တာဝန်ပေးအပ်ပွဲ အခမ်းအနားမှာ ပြောသွားတာ။
ရေအားတွေ၊ လေအားတွေ၊ ဆိုလာအားတွေနဲ့ အကြီးအကျယ်ကို ချမယ့်သဘောမှာရှိတယ်။
လောလောဆယ်တော့ သူတို့သတင်းထုတ်ပြန်နေတဲ့ Facebook Page ကိုတောင် သွားမကြည့်ရဲတော့ဘူး။ ဓာတ်လိုက်မှာစိုးလို့။
လျှပ်စစ်ထုတ်မှာက ရေအား၊ လေအား၊ ဆိုလာအားတွေနဲ့ချည်းဆိုတော့ သဘာဝပတ်ဝန်းကျင်ကိုတော့ အတော် အလေးထားပုံရတယ်ဆိုတော့လည်း မဟုတ်ပြန်ဘူး။
ကံပေါက်ဖက်က မောရဝတီရေတပ်စခန်းနားက ရွာတွေသွားကြည့်။ တူးနေကြတဲ့ ခဲတွေမှ ပက်ပက်စက်စက်။
ဘာပတ်ဝန်းကျင်၊ ညာပတ်ဝန်းကျင်မှကို ဂရုမစိုက်။ ဘာခွင့်ပြုချက်၊ ညာခွင့်ပြုချက်မှလည်းမလိုဘူး။ ရော့ပတ္တမြား၊ ရော့နဂါးပဲ။ အိတ်ကပ်ထဲ အကုန်ဝင်ပဲ။
သူတို့စစ်ကောင်စီကို ထောက်ခံနေတဲ့ လော်ဘီတယ်လီဂရမ်ချယ်နယ်တွေမှာတောင် ခဲခိုးတူးနေကြတာကို ရေးနေကြတာ တွေ့သေးတယ်။
သဘာဝပတ်ဝန်းကျင်ရဲ့တန်ဖိုးကို ရှေးရှေးတုန်းကလည်းမသိ၊ အခုလည်း မသိ၊ လုပ်ချင်းတိုင်းလုပ်နေကြတော့ ဟောအခု ဘာဖြစ်နေပြီလဲ။
ပူတယ်၊ ပူတယ် အော်နေရပြီမဟုတ်လား။
ပူရတဲ့ကြားထဲ လျှပ်စစ်မီးကပါ ပြတ်လိုက်သေးတော့ အနာပေါ် ဆားဖြူးပြီးသား ဖြစ်သွားတာပေါ့လေ။ မှတ်ကရော။
ပူတော့ သစ်ပင်စိုက်ဖို့ တချို့တွေအော်နေကြတာ ကြားရတယ်။
သတ္တုတွင်းတစ်တွင်းအောင်ရင် သူဌေးဖြစ်တဲ့တိုင်းပြည်၊ သစ်စက်တစ်စက်ပိုင်ရင် သူဌေးဖြစ်တဲ့ တိုင်းပြည်မှာ ဘယ်သစ်ပင် ဘယ်လောက်စိုက်စိုက် အရာထင်လိမ့်မယ် ထင်ပါသလား။
စိုက်သူထက် ခုတ်သူများနေတဲ့ တိုင်းပြည်မှာ ပူတာမဆန်းသလား။
ပူတာကတော့ ဘာပူသလဲမမေးနဲ့။ ရေနွေးအိုးမလိုဘူး။ ဖန်ခွက်ထဲရေထည့် လက်ဖက်ခြောက်ခပ်ပြီး နေပူထဲ ထွက်ထားလိုက်ရင် ခဏနေ သောက်လို့ရပြီပဲ။
တို့ထားဝယ် ခေတ်မီပုံများ နှစ်ပေါင်း ၇၀ အတွင်း အမြင့်ဆုံး အပူချိန် စံချိန်တွေပါ ချိုးပစ်လိုက်သေးတာ။
ကော့သောင်းတို့၊ မြိတ်တို့လည်း အဆစ်ပါသေးတယ်။ ကော့သောင်းမှာတော့ ထားဝယ်မှာလို မီးမပျက်ဘူးတဲ့။ ရေတော့ လုနေကြရတယ်။
မီးဒုက္ခ၊ ပူတဲ့ဒုက္ခတွေအပြင် ထပ်ဆောင်း ရေဒုက္ခ။
ကော့သောင်းမှာက လျှပ်စစ်မီတာထက် ရေမီတာက ပိုဈေးကြီးတယ်။ အာဏာမသိမ်းခင်ကဆိုရင် အခုလိုမျိုး ရေရှားချိန်ဆို ရေကားတွေ ညလုံးပေါက် ရေသယ်နေကြတာ တစ်မြို့လုံးကို ဆူညံနေတာပဲ။
အခုတော့ ဘယ်ရမလဲ ညမထွက်ရအမိန့်ရှိတယ်လေ။ လူတွေတော့ ည ၁၂ ကျော်ရင် မထွက်ရတော့ဘူး။ ထွက်နေတဲ့သူ တွေကတော့ ဘာသူတွေလဲမသိ။
ရေပေးဝေရေးစီမံကိန်းကလည်း ကိုဗစ်မဖြစ်ခင်ကတည်းက လုပ်နေတာ အခုမှ ရေပိုက်သွယ်တုန်းရှိသေးတယ်။ စူဠလိပ်ကုမ္ပဏီက တင်ဒါရထားတာနေမယ်။
အဲဒါက ကိုယ်လက်လှမ်းမီသလောက် ကော့သောင်းရဲ့ ရေဒုက္ခ အခြေအနေ။
အခုထားဝယ် ရေဒုက္ခအကြောင်း သိသလောက် ဆက်ပြောဦးမယ်။
ရေကရှားရတဲ့ကြားထဲ စစ်ကြောင်းတွေကထိုးနေတော့ တချို့ ထားဝယ်ဘက်ကရွာတွေမှာ ရေလှူတဲ့သူ လုံးဝကိုမရှိတော့ဘူးတဲ့။
ရေမရှိတော့ ဘယ်လိုလုပ်နေရတယ်ထင်လဲ။ လူကြီးတွေချိုးပြီးသား ရေစိုအဝတ်တွေကို နေပူထဲမလှန်းရဲကြဘူးတဲ့။ ခြောက်သွားမှာစိုးလို့။ အဲဒီအဝတ်စိုနဲ့ ကလေးတွေကို ရေပက်တိုက်ပေးရဦးမှာလေ။
အဲဒီလောက်အထိတောင် ဖြစ်နေကြတာတဲ့။
သစ်ပင်တွေတော့ ထင်တိုင်းခုတ်နေကြတာပဲ။ ရေမရှိမှ၊ ပူတော့မှ ထထအော်တာလေးကတော့ ခေတ်စကားနဲ့ဆို နည်းနည်းတော့များသွားပြီ။
သစ်ခုတ်ဆိုလို့ လောင်းလုံးဘက်က စစ်ကောင်စီ လေကြောင်းရန် ကာကွယ်ရေးစခန်းက စကစတွေ မီးသွေးဖုတ်ရောင်းနေတာ တောပြုန်းတော့မယ်တဲ့လေ။
ပူကလည်းပူ၊ ရေကလည်းရှား၊ မီးကလည်းပျက်ရတဲ့ကြားထဲ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းက ဖောက်လာသေးတာ။
အတံ (အက်တမ်) လည်းမရတစ်ချက်ရတစ်ချက်၊ MPT ဆို ပျောက်သွားရင် ပေါ်မလာတော့ဘူး။ အော်ရီဒူးလေးကတော့မဆိုးဘူး ဖုန်းလိုင်းတော့ရနေတယ်။ အင်တာနက်လိုင်းကတော့ ကောင်းတဲ့နေရာ ကောင်းပြီး မကောင်းတဲ့နေရာကျမကောင်းဘူး။
စကစပိုင်တဲ့ ဟိုဥစ္စာကတော့ သုံးလည်းမသုံးတော့ သိလည်းမသိဘူး။
အဲဒီ စကစပိုင်ကြီးကလည်းနော် အွန်လိုင်းပေါ်မှာသာ မတွေ့ရတာ တကယ့်လက်တွေ့မြေပြင်မှာ ဈေးကွက်မြှင့်တင်ရေးတွေလုပ်နေတာ။
ဦးထုပ်တွေ၊ ထီးတွေ၊ စားသောက်ကုန်တွေမှာ သူတို့တံဆိပ်ကို ထီးထီးကြီးတပ်ပြီးတော့ ဘုန်းကြီးကျောင်းတို့၊ ပရဟိတအဖွဲ့တို့၊ လူမူကူညီရေးအသင်းတို့မှာ အလှူသွားလုပ်တဲ့ပုံစံနဲ့ မသိမသာ ဈေးကွက်မြှင့်တင်နေတာနော်။
ဖိုင်ဘာအင်တာနက်ဆိုတာတွေလည်း ဘာထူးလို့လဲ။ အချိုးတစ်စက်မှ မပြေဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သုံးပြီး သူတို့ကိုဆဲနေရတာနဲ့တင် အကုသိုလ်တော်တော်ရတယ်။
ဒီကြားထဲ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်လို့ကြောက်နေရတာကတစ်မျိုး၊ လေယာဉ်အသံကြားရင် နီးတဲ့အိမ်ထဲပြေးဝင်နေရတာကတစ်ဖုံ။
အပြင်ထွက်ရင်တောင် ကောင်းကင်ကို မော့ကြည့် မော့ကြည့်သွားနေရတာ ခလုတ်တိုက်လဲမှာတောင် ကြောက်ရတယ်။
တော်လှန်ရေးကြီး နိုင်တော့မလားဆိုပြီး အားခဲနေရတာလည်း အားမရှိချင်တော့ဘူး။
တော်လှန်ရေးဖွဲ့အချို့ကလည်း ဒလန်ဆိုပြီး သတ်နေကြတုန်း။ နှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲကောင်းတုန်း။
ကုန်ဈေးနှုန်းလား ရွာမှာ နတ်ကတော်သွားမေးရင်တောင် ဆင်တစ်ကောင်လောက်မှ မပူဇော်ရင် နိုးပဲ။
ပြည်သူတွေအတွက် ဘယ်နေရာမှာများ ပျော်စရာရှိသေးလဲ ဒီတိုင်းပြည်မှာ။
စဉ်းစားမိတယ်။ ဒီအချိန် ဒီကာလ မြန်မာပြည်မှာ လူလာဖြစ်ရတာ အရင်ဘဝက ဘယ်လောက်တောင်များ အကုသိုလ်တွေလုပ်ခဲ့သလဲလို့ပေါ့။
ဒုက္ခအပေါင်းတို့ စုဝေးရာ ဒုက္ခဘုံကြီးမှာ လူဖြစ်ရတာ အတော်အတန်အကုသိုလ်တော့ မဟုတ်လောက်ဘူးထင်ပါတယ်။
တော်ပြီ ချင်းမိုင်ဖြစ်ဖြစ်၊ ဘန်ကောက်ဖြစ်ဖြစ်၊ မဲဆောက်ဖြစ်ဖြစ် သွားပြီး အခုလိုမျိုး ပေါက်တတ်ကရစာတွေပဲ ရေးတော့မယ်။
“အဲဒီကိုရောက်ရင်တော့ မြန်မာပြည်က လူတွေကို မီးပျက်တယ်ဆိုတာ ဘယ်လိုမျိုးလဲဟင်” လို့ ဖုန်းလှမ်းဆက်ပြီး မေးဖြစ်အောင်ကို မေးဦးမှာ။
နောန်ပြည့်ဝ