ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမည် ဖြစ်ကြောင်း ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (ဧပြီ ၂)တွင် ထုတ်ပြန်လိုက်သည်။
ငလျင်ဘေးသင့် မြန်မာပြည်သူများအတွက် ဩစတြေးလျအစိုးရက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) မှတစ်ဆင့် ကနဦးအကူအညီ အမေရိကန်ဒေါ်လာ ၂ သန်း ကူညီပေးထားပြီး ဖြစ်သည်။
ယခုထပ်မံပေးသွားမည့် အကူအညီတွင် အစားအစာ၊ ရေ၊ အရေးပေါ်ကျန်းမာရေးနှင့် ပညာရေးအတွက် အကူအညီများ ပါဝင်ကြောင်း သိရသည်။
အဆိုပါ ထပ်ဆောင်းအကူအညီအတွက် သြစတြေးလျအခြေစိုက် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ဒေသတွင်း မိတ်ဘက်အဖွဲ့အစည်းများမှတစ်ဆင့် ဒေါ်လာ ၃ သန်းခွဲ ပေးအပ်သွားမည် ဖြစ်သည်။ အရေးပေါ်ကူညီကယ်ဆယ်ရေး မိတ်ဘက်အဖွဲ့အစည်းများအတွက် ဒေါ်လာ ၅ သိန်း ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန(AHA CENTRE) မှတစ်ဆင့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများအတွက် ဒေါ်လာ ၃ သန်း ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
ဩစတြေးလျအစိုးရ၏ နိုင်ငံတကာ ဘေးအန္တရာယ် အကူအညီပေးရေး အစီအစဉ်တစ်ခုဖြစ်သည့် Australia Assists မှတစ်ဆင့် ငလျင်ဘေး အရေးပေါ်ကူညီကယ်ဆယ်ရေး အဖွဲ့တစ်ခုကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ဩစတြေးလျအစိုးရက နိုင်ငံတကာအစိုးရများ ၊ မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နောက်ထပ်ကူညီကယ်ဆယ်ရေးအဖွဲ့များ ထပ်မံစေလွှတ်ရန် လိုအပ်ချက်ရှိမရှိ ညှိနှိုင်းတိုင်ပင်လျက်ရှိကြောင်းလည်း သိရသည်။
ငလျင်ဒဏ်ခံနေရသည့် ဒေသများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကာ မြန်မာပြည်သူများ ခံစားနေရသည့် ဘေးဒုက္ခကို ပိုမိုဆိုးရွားစေလျက်ရှိသည်ဟု ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
ခက်ခဲနေပြီးသား ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုရှုပ်ထွေးခက်ခဲအောင် မြန်မာစစ်ကောင်စီက လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။
မြန်မာစစ်ကောင်စီ၏ အဆိုပါ လုပ်ရပ်များကို ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီအနေဖြင့် စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ပြီး ငလျင်ဒဏ်သင့်ဒေသများတွင် လူသားချင်းစာနာမှုအကူအညီ အပြည့်အဝပေးနိုင်ရေးကို ခွင့်ပြုပေးရန် တောင်းဆိုကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အကူအညီများကို စစ်ကောင်စီထံ တိုက်ရိုက်ပေးအပ်ခြင်းမဟုတ်ဘဲ စိတ်ချယုံကြည်ရသည့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်းအဖွဲ့အစည်းများမှတစ်ဆင့်သာ ပေးအပ်နေသည်ဟု ဩစတြေးလျအစိုးရက ဆိုသည်။
ငလျင်ဘေးသင့် မြန်မာပြည်သူများကို အကူအညီပေးရာတွင် ဩစတြေးလျအစိုးရအနေဖြင့် မြန်မာစစ်ကောင်စီကို တရားဝင်မှုရစေရန် လုပ်မိခြင်းမျိုး မဖြစ်စေရန် တင်ကြိုဆောင်ရွက်မှုများ ပြုလုပ်ထားသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။