BREAKING
April 7, 2025

မန္တလေးမစိုးရိမ်တိုက်ပြိုကျမှုတွင် ရဟန်း ၃ ပါးနှင့် ကိုရင် ၁ ပါး၏ အလောင်းထပ်တွေ့

April 2, 2025

ငလျင်ကြောင်ပြိုကျသွားသည့် မန္တလေးမစိုးရိမ်တိုက်သစ်တွင် ယမန်နေ့ ညနေပိုင်း၌ ရဟန်းသုံးပါး နှင့် ကိုရင် တစ်ပါး၏ရုပ်အလောင်းထပ်မံ တွေ့ရှိခဲ့သည်ဟု ကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

အဆိုပါ ရုပ်အလောင်းများမှာ အပျက်အစီးများ အောက်တွင်ပိတ်မိနေပြီး ကယ်ဆယ်ရေးအဖွဲ့များက ခက်ခက်ခဲခဲ ထုတ်ယူခဲ့ရကြောင်း ကယ်ဆယ်ရေးတွင်ပါဝင်သူတစ်ဦးကပြောသည်။

“အနံ တွေ ဆိုးဆိုးဝါးဝါးရနေတဲ့ ကြားထဲက ခက်ခက်ခဲခဲ ထုတ်ရကြရတယ်။ တစ်ချို့ ရုပ်အလောင်းတွေဆို စာဖြေရင်းနဲ့ဆိုတော့ ဘောပင်ကိုတောင် ကျစ်ကျစ်ပါအောင် ဆုတ်ထားသေး တာကိုတွေ့ရတယ်”ဟု ၎င်းကပြောသည်။

မစိုးရိမ်တိုက်သစ်တွင် ယမန်နေ့နံနက်ပိုင်းကစပြီး ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ရာတွင် ညနေပိုင်းထိ တစ်ရက်အတွင်း ရဟန်းရုပ်အလောင်း ၅ လောင်း နှင့် ကိုရင် ရုပ်အလောင်း ၁ လောင်း တို့ကို ရှာ ဖွေတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များကပြောသည်။

ကယ်ဆယ်ရေးဆောင်ရွက် နေစဉ် ဧပြီလ ၁ ရက် ညနေ ၅ နာရီခွဲကျော်အချိန်ခန့်၌ ငလျင်ငယ် တစ်ခု ထပ်မံလှုပ်ခတ်လာသည့်အတွက် ကယ်ဆယ်ရေးများ ရပ်နားခဲ့ရကြောင်း အထက်ပါကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးကပြောသည်။

“တွေ့ထားပြီး မထုတ်ရသေးတဲ့ အလောင်းတွေရှိသေးတယ်။ အဲဒါတွေကိုတော့ ဒီမနက် ထပ်ထုတ်မှာပါ”ဟု ၎င်းကပြောသည်။

ဧပြီလ ၁ ရက် မစိုးရိမ်တိုက်သစ် ရှာဖွေကယ်ဆယ်ရေးတွင် တနင်္သာရီတိုင်း ထားဝယ်ကယ်ဆယ်ရေးအဖွဲ့ကလည်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ဦးဆောင်မှုနှင့်အတူ တရုတ်နိုင်ငံ ကယ်ဆယ်ရေးအဖွဲ့ ၊အိန္ဒိယနိုင်ငံကယ်ဆယ်ရေးအဖွဲ့တို့နှင့် ပူးပေါင်းကူညီဆောင်ရွက် နေကြကြောင်းသိရသည်။