ဘန်ကောက် အဆောက်အအုံပြိုကျမှု မြန်မာလုပ်သား ၂၄ ဦး ပျောက်ဆုံးနေဆဲ

April 2, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ငလျင်ကြောင့် အဆောက်အအုံပြိုကျမှုတွင် မြန်မာအလုပ်သမား ၂၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဧပြီလ ၁ရက်က ထုတ်ပြန်သည်။

ကျာတူးကျက်ဒေသက စာရင်းစစ်ချုပ်ရုံးအဆောက်အအုံ ပြိုကျသောနေရာသို့ ထိုင်းအလုပ်သမားဝန်ကြီး ရောက်ရှိလာပြီးနောက် ပျောက်ဆုံးနေသော အလုပ်သမားစာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။

အပျက်အစီးများအောက်တွင် ပိတ်မိနေပြီး ပျောက်ဆုံးနေဆဲ အလုပ်သမား ၈၃ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

၎င်းတို့ထဲတွင် ထိုင်းအလုပ်သမား ၅၅ ဦး၊ မြန်မာအလုပ်သမား ၂၄ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၃ ဦးနှင့် လာအိုအလုပ်သမား ၁ ဦးတို့ ပါဝင်ကြောင်းဖော်ပြသည်။

စာရင်းစစ်ချုပ်ရုံး ပြိုကျမှုကြောင့် ဧပြီလ ၁ ရက်နေ့ ညပိုင်းအထိ သေဆုံးသူ ထိုင်းအလုပ်သမား ၁၁ ဦးနှင့် မြန်မာအလုပ်သမား ၃ ဦး စုစုပေါင်း ၁၄ ဦး၏ အလောင်းကို တွေ့ရှိထားပြီးဖြစ်ကြောင်း ဖော်ပြသည်။

ရွှေ့ပြောင်းအလုပ်သမားများသည် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် ဝင်ရောက်လာသူများရှိသကဲ့သို့ အလုပ်လုပ်ခွင့် လက်မှတ် (ပန်းရောင်ကတ်) ပြုလုပ်ထားသူများလည်း ရှိကြောင်း‌ ဖော်ပြသည်။

ပျောက်ဆုံးနေသူမိသားစုဝင်များကလည်း ပြိုကျနေသော အဆောက်အအုံဘေးတွင် ဆုတောင်း၍ စောင့်ဆိုင်းနေကြဆဲဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

အပျက်အစီးများအောက်ကို စကင်နာစက်ဖြင့် စမ်းသပ်ကြည့်ရှုသောအခါ ပိတ်မိနေသေးသော အလုပ်သမား ၇၀ ကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

သို့သော်လည်း ၎င်းတို့သည် အနက်မည်မျှတွင် ပိတ်မိနေသည်ကိုမူ မသိရှိကြကြောင်း ဖော်ပြသည်။

လက်ရှိအချိန်အထိ ဘန်ကောက်တွင် ငလျင်ကြောင့် သေဆုံးသူ ၂၀ ဦးရှိပြီး ဒဏ်ရာရရှိသူ ၃၄ ဦး ရှိလာပြီဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref: Thai Enquirer, ထိုင်းအလုပ်သမားဝန်ကြီးဌာန, The Nation Thailand