စစ်ကောင်စီက အကောင်အထည်ဖော်နေသည့် အဓမ္မစစ်မှုထမ်းအစီအစဉ်အရ နာမည်စာရင်းထွက်ပြီးသော တနင်္သာရီတိုင်းမှ စစ်မှုထမ်းရမည့်သူများအတွက် စစ်သင်တန်းကို ဧပြီလ ဒုတိယအပတ်အတွင်း စတင်မည်ဖြစ်ကြောင်း တိုင်းပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။
စစ်မှုထမ်းပထမအသုတ်တွင်တနင်္သာရီတိုင်းအတွင်းမှ လူဦးရေ ၂၆၀ ကျော် ခေါ်ယူထားပြီး ၎င်းတို့ကို ဧပြီလ ၈ ရက်နှင့် ၁၆ ရက်ကြားကာလအတွင်း သင်တန်းစပေးမည်ဖြစ်ကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။
သို့သော် လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ စစ်သင်တန်းပေးမည့်နေရာ အတိအကျကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆိုခဲ့သည်။
“သင်တန်းကျောင်းကိစ္စတွေကိုကျ လုံခြုံရေးအခြေအနေကြောင့် ပြောလို့အဆင်မပြေလို့လေ”ဟု ၎င်းက ပြောသည်။
သို့ရာတွင် ပုလောမြို့နယ် ပလောက်မြို့ရှိ တိုင်းစစ်ကောင်စီတပ်၏ အမှတ် ၁၂ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း အပါအဝင် မြိတ်နှင့် ထားဝယ်ရှိ စစ်ကောင်စီတပ် လေ့ကျင့်ရေးကျောင်းများတွင် သင်တန်ပေးမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ဧပြီလကုန်မှသာ စစ်မှုထမ်းစခေါ်မည်ဟု စစ်ကောင်စီက ပြောဆိုထားသော်လည်း လက်ရှိတွင်မူ အချိန်စောပြီး အလျင်စလို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ တော်လှန်တိုက်ပွဲများနှင့် ရင်ဆိုင်နေရပြီး အဖက်အဖက်က အရေးနိမ့်နေသည့် စစ်ကောင်စီတပ်သည် အင်အားပြန်တည်ဆောက်နိုင်ရေးအတွက် အဓမ္မစစ်မှုမထမ်း မနေရစနစ်ကို အလောတကြီး အသက်သွင်းနေခြင်းဖြစ်သည်။
တနင်္သာရီတိုင်းအတွင်းမှ ပထမအသုတ်စစ်သင်တန်း တက်ရန် နာမည်စာရင်း ကျပြီးသူများကို ဧပြီလ ၁ ရက်နေ့က ဆေးစစ်ထားပြီးဖြစ်ကာ ခရိုင်အလိုက်ရှိသည့် စုဆောင်းရေးနေရာများတွင် နေရာချထားကြောင်း တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
အဆိုပါစစ်မှုထမ်းမည့်လူသစ်များကို သုံးလအကြာစစ်သင်တန်းပေးပြီးပါက ရှေ့တန်းစစ်မျက်နှာသို့ စေလွှတ်ခြင်းရှိ မရှိကိုမူ စစ်ကောင်စီက ညွှန်ကြားလာခြင်းမရှိသေးကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
“သင်တန်းပြီးတဲ့အချိန်ကျရင် သူတို့ကို ခွဲဝေရေးလုပ်တဲ့အခါကျ အဲဒီအခါမှ သိရပါမယ်ခင်ဗျား”ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းလိုသည် လူငယ်အများအပြားကလည်း ပြည်ပနိုင်ငံများနှင့် စစ်မှုထမ်းကင်းလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။
ထိုသို့ တိမ်းရှောင်သူများနေသဖြင့် စစ်ကောင်စီက ခရီးသွားမှုများကို နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်ရသည်အထိ ဖြစ်နေသည်။
ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိသည့် လူငယ်အချို့မှာ ကိုယ့်ကိုယ်ကို သတ်သေမှုများလည်း ရှိနေသည်။
စစ်အာဏာရှင်ကို တစ်နိုင်ငံလုံးပြင်းပြင်းထန်ထန် တော်လှန်နေချိန်တွင် အဓမ္မစစ်မှုထမ်းစေရန် စီစဉ်လာခြင်းအပေါ် ပြည်သူအများစုက ကန့်ကွက်လျက်ရှိသော်လည်း စစ်ကောင်စီကမူ ဆက်လက်အကောင်အထည် ဖော်လျက်ရှိသည်။