BREAKING
March 12, 2025

နခံတော ရွာလယ်ကျောင်းကြီး ဆရာတော်၏ အန္တိမဈာပန ကျင်းပမည်

April 2, 2023

စခန်းကြီး သုဓမ္မာပဝါရဏာဂိုဏ်းကြီး၏ အကျိုးတော်ဆောင်ချုပ်ဖြစ်သည့် လောင်းလုံးမြို့နယ် နခံတော ရွာလယ် ကျောင်းကြီးဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်ကို ဧပြီလ ၇ရက်နေ့တွင် အန္တိမအဂ္ဂိဈာပနသာဓုကီဠာန ပူဇာဆင်ယင်ကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်တကာများထံမှ သိရသည်။

နခံတော ရွာလယ်ကျောင်းကြီးဆရာတော် ဘဒ္ဒန္တဝါယမသည် ဘဝနတ္ထံပျံလွန်တော်မူချိန်တွင် သက်တော် ၈၁နှစ်၊ ဝါတော် ၆၂ဝါ ရှိပြီဖြစ်သည်။

ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော်ထားရှိရာ မူလစံကျောင်းတော်မှ နခံတောရွာရှိ ရပ်ခံတောင်သုသာန်သို့ မတ်လ ၇ရက် နေ့လယ် ၁၂ နာရီတွင် ပို့ဆောင်ကာ ဈာပနကျင်းပမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့် ဒါယာကာတစ်ဦးက ပြောသည်။

“ကျောင်းကနေ တပည့်ဒါယာကာတွေ အစုအဖွဲ့အလိုက် သုသာန်အထိ ပခုံးထမ်းလှည့်လည်မယ်” ဟု ဆရာတော်၏တပည့်တစ်ဦးက ပြောဆိုသည်။

ဆရာတော်သည် ၁၃၈၄ ခုနှစ် တန်ခူးလဆန်း ၁၂ ရက် ဧပြီလ ၁ရက် နံနက် ၈ နာရီအချိန်တွင် ဘဝနတ္ထံပျံလွန်တော်မူခဲ့သည်။

ဆရာတော်သည် သက်တော်ထင်ရှားရှိနေစဉ်ကာလက လောင်းလုံးမြို့နယ် စခန်းကြီး သုဓမ္မာပဝါရဏာဂိုဏ်းကြီး၏ အကျိုးတော်ဆောင်ချုပ်အဖြစ် သာသနာရေးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ခဲ့သည်။

ယင်းအပြင် ဆရာတော်သည် လောကီ လောကုတ္တရာ ဆောင်ရွက်ချက်များဖြင့် ဒေသတစ်ခွင်တွင် ကျော်ကြားသည်။

နခံတောရွာလယ်ကျောင်းကြီး၏ ဦးစီပဓာနမဟာနာယကဆရာတော်အဖြစ် နခံတောရွာ၏ သာသနာရေး ကိစ္စရပ်များကို ဆောင်ရွက်သည့်အပြင် ထားဝယ်ဒေသ၏ သာသနာရေးရာကိစ္စရပ်များကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း ထားဝယ်ဒေသခံများက ပြောသည်။