ထားဝယ်သပိတ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုကျော်ထွေးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားပြီး ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။
ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။
၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ချောစုလှိုင်က ဆိုသည်။
ယင်းနေ့တွင် ကိုကျော်ထွေးနှင့် အွန်လိုင်းဗီဒီယိုစနစ်ဖြင့် တွေ့ဆုံခဲ့ကြောင်း ၎င်းက ပြောသည်။
ကိုကျော်ထွေးအမှုကို ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားသည်။
“တရားလိုလာရင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (CMP)လုပ်မယ်” ဟု ဒေါ်ချောစုလှိုင်က ပြောသည်။
မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ဆိုသည်မှာ အမှုများကို မြန်ဆန်စွာ စစ်ဆေးနိုင်ရန် အမှုဖြစ်သည့်နှစ်ဦးနှစ်ဖက်ကို စစ်ဆေးမည့် ရက်အားကြိုတင်ညှိနှိုင်း ချိန်းဆိုခြင်းဖြစ်ပြီး အမှုများကို အချိန်ကြန့်ကြာခြင်းမရှိဘဲ ဆုံးဖြတ်ချက်အမိန့်ချနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရာလွှတ်တော်ရုံးက ထုတ်ပြန်ထားသည်။
ထို့အတူ ဝဲကျွန်းရပ်ကွက်တွင် အဖမ်းခံရသည့် အသက်မပြည့်သေးသည့် ကိုရာဇာထွန်းအား ရဲစခန်းအာမခံပေးထားရာမှ ဧပြီလ ၁ ရက်နေ့တွင် တရားရုံးအာမခံပေးလိုက်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်ချောစုလှိုင်က ပြောသည်။
ရဲစခန်းအာမခံမှာ မိဘအုပ်ထိန်းသူ၏ အာမခံချက်ဖြင့် ပြန်လွှတ်ပေးထားခြင်းဖြစ်ပြီး တရားရုံးအာမခံမှာ ဥပဒေအရ ပေးသည့်အာမခံဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
အသက် ၁၇ နှစ်အရွယ်ရှိ ကိုရာဇာထွန်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားပြီး နောက်ရုံးချိန်းအား ဧပြီလ ၇ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း ဒေါ်ချောစုလှိုင်က ဆိုသည်။
မတ်လ ၁၈ ရက်နေ့က ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဝင်ရောက်ဖမ်းဆီးရာမှ သပိတ်ခေါင်းဆောင်အချို့ နှင့် ကိုရာဇာထွန်း အပါအဝင် စုစုပေါင်းဆယ်ဦး ဖမ်းဆီးခံရသည်။