BREAKING
March 3, 2025

ထိုင်းနိုင်ငံသားများ၏ အလုပ်ကို မြန်မာများလုနေသလော…

March 2, 2025

တနင်္ဂနွေနေ့တိုင်း လူစည်ကားနေသည့် ဘန်ကောက်က စန်ဖေးဈေးတွင် မြန်မာလုပ်သားများကို ရှောင်မလွဲတွေ့မြင်နေရသည်။

ဈေးထဲက ဆိုင်အများစုက အသေးစား ၊အလတ်စား ဆိုင်များဖြစ်သည်။

မြန်မာအလုပ်သမားများက စျေးဝယ်သူများကို ဖိတ်ခေါ်နေကြပြီး စျေးသည်များ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုပေးနေကြသည်။

“ဆိုင်မှာ အလုပ်လုပ်ဖို့ ထိုင်းအလုပ်သမားတွေကို ရှာလို့ မရဘူး။ အရင်က ထိုင်းတွေကို အလုပ်ခန့်ခဲ့ပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေလို အလုပ်တာဝန်မကျေကြဘူး” ဟု ယင်းစျေးထဲတွင် အရောင်းဆိုင်ဖွင့်ထားသည့် စူနီကဆိုလိုက်သည်။

စူနီသည် ယင်းဈေးထဲတွင် နှစ် ၂၀ ကြာ အိတ်မျိုးစုံဆိုင် ဖွင့်ထားသူဖြစ်သည်။

ဆိုင်တွင် ထိုင်းနိုင်ငံသားကိုခန့်၍ မရသဖြင့် လွန်ခဲ့သော ၇ နှစ်ကတည်းက မြန်မာအလုပ်သမားများကို အလုပ်ခန့်ထားရကြောင်း စူနီကဆိုသည်။

ထိုင်းနိုင်ငံ၏ အသေးစား၊အလတ်စား လုပ်ငန်းများတွင် လုပ်သားလိုအပ်ချက် မြင့်မားနေပြီး ယင်းလိုအပ်ချက်ကို မြန်မာနိုင်ငံသားများက ဝင်ရောက်ထမ်းပိုးထားကြသည်။

သို့သော်ယခုနှစ်အတွင်း ထိုင်းအာဏာပိုင်များအကြား ကျယ်လောင်လာသည့် အသံက မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသားများ၏ အလုပ်များကို ခိုးယူလုပ်ကိုင်နေသည်ဆိုသော အသံများဖြစ်သည်။

ယင်းအပြင် မြန်မာများက ထိုင်းဆိုင်များတွင် ဈေးရောင်းနေသည်ဟုဆိုကာ မြန်မာမုန်းတီးရေး လှုံ့ဆော်မှုများ ရှိနေသလို ဖမ်းဆီးအရေးယူများပါ ကြုံတွေ့နေကြရသည်။

ကိုင်းကျွန်းမီ ကျွန်းကိုင်းမီ

ဆိုင်ရှေ့ဈေးရောင်းနေသော မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသားများ၏ အလုပ်ကို ခိုးယူလုပ်ကိုင်နေသလော။ အလုပ်ရှင်များကပဲ မြန်မာအလုပ်သမားများကို လိုအပ်ချက်အရ အားကိုးအားထား ပြုနေသလောကို ထိုင်းအစိုးရအား ရှင်းရှင်းလင်းလင်း မေးခွန်းထုတ်ရမည်ဟု စူနီက ပြောသည်။

“ထိုင်းတွေ အများစုက အောက်ခြေသိမ်း အလုပ်မလုပ်ကြဘူး။ ကိုယ်ပိုင်လုပ်ငန်း လုပ်ရင် လုပ်မယ် မဟုတ်ရင် နိုင်ငံခြားထွက်လုပ်ကြမယ်” ဟု စူနီက ဆိုသည်။

အသေးစား အလတ်စား (SME)လုပ်ငန်းများတွင် မြန်မာကဲ့သို့ ရွှေ့ပြောင်းအလုပ်သမားများကို ခန့်ထားသည်မှာ စူနီ တစ်ဦးတည်းမဟုတ်။ ထိုင်းအလုပ်သမားများကို ရှာမတွေ့သော SME လုပ်ငန်းရှင်များအားလုံး ရွှေ့ပြောင်းအလုပ်သမားများကို ခန့်ထားနေရကြရသည်။

“ထိုင်းတွေကို အလုပ်ခန့်ဖို့ ဘာမှမခက်ခဲဘူး။ ထိုင်းလူမျိုးတွေသာ တကယ်လာလုပ်မယ်ဆို ဦးစားပေးပြီးသားပဲ။ လက်တွေ့မှာ ဘယ်သူမှ လာမလုပ်ကြဘူးလေ” ဟု စူနီက ဆိုသည်။

စူနီ၏ အိတ်ဆိုင်တွင် မြန်မာအလုပ်သမား လေးဦးခန့်ထားပြီး အလုပ်ချိန် နှစ်ချိန်ခွဲ၍ ဆင်းခိုင်းနေသည်။

၎င်းတို့က ဆိုင်ဖွင့်၊ ဆိုင်သိမ်း၊ ဈေးဝယ်သူများနှင့် ပြောဆိုဆက်ဆံနိုင်သဖြင့် စူနီက ကောင်တာတွင် ထိုင်ပြီး ငွေသိမ်းရုံပင်။

“ဒီလိုလုပ်နေတာ သူတို့ (မြန်မာ) ထိုင်းတွေဆီက အလုပ်ကို လုလုပ်နေတာမဟုတ်ဘူး။ ကျွန်မတို့ အလုပ်ရှင်တွေကိုယ်တိုင်က ထိုင်းလူမျိုးကို အလုပ်ခန့်ဖို့ ရှာလို့ကို မတွေ့တာ” ဟု စူနီက ရှင်းပြသည်။

မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံသားများ၏ အလုပ်ကို ဝင်ခိုး၊ဝင်လု လုပ်နေသည်ဟု လူမှုကွန်ရက်များတွင် အမုန်းတရားများဖြင့် ဝေဖန်နေသည်မှာ မဖြစ်သင့်ကြောင်း သူကသုံးသပ်သည်။

အလုပ်သမားအများစုက မိဘအိမ်ကို ပြန်ထောက်ပံ့နိုင်ဖို့ ငွေရှာ အလုပ်လုပ်နေကြသဖြင့် အားလုံးကို သားသမီးကဲ့သို့သာ ဆက်ဆံကြောင်းလည်း ၎င်းကဆိုသည်။

“ဆိုင်မှာ ဈေးရောင်မကောင်းရင် သူတို့က မြန်မာလို ဘုရားရှိခိုး ဆုတောင်းကြတယ်” ဟု မြန်မာအလုပ်သမားများ ဈေးရောင်းကောင်းစေရန် သူ့အပေါ် စေတနာထားပြီး လုပ်ကြသည့် ဖြစ်စဉ်တစ်ခုကို ၎င်းကရှင်းပြသည်။

သူမရုတ်တရက် နေမကောင်းဖြစ်လျှင် သို့မဟုတ် အရေးကြီးကိစ္စပေါ်လာလျှင် ဆိုင်သည် မြန်မာအလုပ်သမားများကိုသာ မှီခိုအားထားနေရသည်။

ထိုင်းနိုင်ငံကို ဘုမသိ ဘမသိ ရောက်လာကြသော မြန်မာအလုပ်သမားများကလည်း သူမကို အားကိုးကြသဖြင့် နှစ်ရှည်တွဲလုပ်သည်အထိ ဆက်ဆံရေးတစ်ခု ကောင်းမွန်လာနေကြောင်း သူက ပြောသည်။

မြန်မာအလုပ်သမားများမှာ အလုပ်အကိုင်ရှားပါးမှု၊ တိုင်းပြည်မအေးချမ်း၊ မတည်ငြိမ်မှုများကြောင့် အလုပ်အကိုင်ပေါသည့် ထိုင်းနိုင်ငံသို့ ပုံစံမျိုးစုံဖြင့်ဝင်ရောက်လာကာ အလုပ်လာလုပ်ကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင်လည်း အခြေခံအလုပ်များအတွက် လုပ်သားရှားပါးမှုရှိနေသည်။

ယင်းမှာ ထိုင်းအလုပ်ရှင်များနှင့် မြန်မာအလုပ်သမားများကြားက ကိုင်းကျွန်းမီ၊ ကျွန်းကိုင်းမီ အခြေအနေဖြစ်သည်။

ထိုင်းထမင်းလုတ် ဘယ်သူပုတ်ချသလဲ

လက်ရှိ ထိုင်းနိုင်ငံသားများ၏ ထမင်းလုတ်ကို ပုတ်ချနေသည့် အခြေအနေများလည်း အမှန်တကယ် ရှိနေပြီး ယင်းသို့ပုတ်ချနေသည်မှာ မြန်မာအလုပ်သမားများ မဟုတ်ဟုဆိုသည်။

အကြောင်းမှာ ဈေးထဲတွင် တရုတ်ပစ္စည်းများနှင့် တရုတ်အလုပ်ရှင်များ ပိုများလာနေကြောင်း စူနီက ထောက်ပြသည်။

“ဒီဈေးထဲ ကြည့်လိုက် တရုတ်ပစ္စည်းနဲ့ တရုတ်ဆိုင်တွေချည်းပဲ။ အရင်တုန်းကတော့ ကျွန်မတို့ ဒိုင်ခံ တရုတ်ပစ္စည်းတွေ မှာယူပြီး ရောင်းနေကြတာပါ။ အခုတော့ တရုတ်တွေကိုယ်တိုင်က ဆိုင်ဖွင့် ဈေးရောင်းနဲ့ လျှော့ဈေးနဲ့တောင် ပေးလိုက်သေးတယ်” ဟု စူနီက လက်ရှိ ဈေးထဲက အခြေအနေကို ပြောသည်။

မြန်မာနိုင်ငံသား အများအပြား ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေသည်ဆိုသော်လည်း ထိုင်း SME လုပ်ငန်းများအတွက် အလုပ်သမားလိုအပ်ချက်မှာ မြင့်မားနေဆဲဖြစ်သည်ဟု ထိုင်းအလုပ်ရှင်များက ပြောဆိုနေကြရာ ယင်းမှာထိုင်းနိုင်ငံသားများ၏ အလုပ်ကို ရွှေ့ပြောင်းလုပ်သားများက လုယူနေသည်မဟုတ်ကြောင်း ပြနေသည့် သက်သေဟု ဆိုရမည်ဖြစ်သည်။

“ရွှေ့ပြောင်းအလုပ်သမားလိုအပ်ချက် မြင့်မားနေဆဲပဲ။ ကျွန်မတို့ စားသောက်ဆိုင်က တစ်နှစ်ကို ဆိုင်သစ် နှစ်ဆိုင် အမြဲတိုးချဲ့ဖွင့်နေရတယ်။ ဒီအတွက် တစ်ဆိုင်ကို အလုပ်သမား ၂၀ လောက်က လိုနေဆဲပဲ” ဟု SME စားသောက်ဆိုင်ပိုင်ရှင် ကနုတ်ကန် ချောင်ဝိုင်က ဆိုသည်။

ကနုတ်ကန် ချောင်ဝိုင်သည် စားသောက်ဆိုင်များစွာ၏ ပိုင်ရှင်တစ်ဦးဖြစ်ပြီး အလုပ်သမား ၁၅၀ ကျော်ကို စီမံခန့်ခွဲနေသူတစ်ဦးလည်းဖြစ်သည်။

သူမ၏ ဆိုင်များတွင် အလုပ်သမား ၈၀ ရာခိုင်နှုန်းကျော်က မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြသည်။

အိတ်ဆိုင်ပိုင်ရှင် စူနီနှင့် မတူသည့်အချက်မှာ ကနုတ်ကန်၏ စားသောက်ဆိုင်များသို့ ထိုင်းနိုင်ငံသားများ လာရောက်အလုပ်လုပ်ကိုင်ခဲ့ဖူးခြင်း မရှိပေ။

“ကျွန်မတို့လည်း ထိုင်းလူမျိုး အချင်းချင်း အလုပ်ခန့်လိုပါတယ်ရှင်။ သူတို့ လာတော့ လျှောက်ကြပါတယ်။ ၂ ရက် ၃ ရက်လုပ်ပြီးတာနဲ့ ပျောက်သွားတာပဲ။ ရေရှည်မလုပ်နိုင်ကြဘူး” ဟု ကနုတ်ကန်က ဆိုသည်။

ထိုင်းနိုင်ငံသားအများစုက စားသောက်ဆိုင်တွင် အလုပ်ဝင်လုပ်ခြင်းထက် ကိုယ်ပိုင်စီးပွားရေးများသာ လုပ်ကိုင်လိုကြကြောင်း သူမက ဆက်ပြောသည်။

ထိုင်းအများစုက အွန်လိုင်းဈေးရောင်း၊ အွန်လိုင်းကြေညာသူ (Social Influencer)၊ ဝန်ထမ်းကဲ့သို့ အတည်တကျ အလုပ်မျိုးကိုသာ လုပ်ကိုင်ကြသည်။

“ထိုင်းတွေက အောက်ခြေသိမ်းအလုပ်ထက် ခံစားခွင့် ပိုကောင်းတဲ့ အလုပ်မျိုးပဲ လုပ်ကိုင်လိုကြတယ်။ ရုံးပိတ်ရက်လို အားလပ်ရက်တွေလည်း လိုချင်ကြတယ်။ ဒါကြောင့် စားသောက်ဆိုင်တွေမှာ ထိုင်းတွေကို အလုပ်ခိုင်းဖို့ ရှာရတာ တော်တော်ခက်တယ်” ဟု ကနုတ်ကန်က ဆိုသည်။

သူမ၏ ဆိုင်တွင် ရွှေ့ပြောင်းအလုပ်သမားတိုင်းကို အလုပ်မပေးနိုင်ပေ။ အများစုက အနည်းဆုံး ထိုင်းစကား တတ်မြောက်ကျွမ်းကျင်မှသာ အလုပ်ခန့်ထားကြောင်း သူမက ပြောသည်။

ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို ခန့်ထားပါက စာရွက်စာတမ်းကိစ္စများ ရှုတ်ထွေးသဖြင့် သူမကို အမြဲ ခေါင်းကိုက်စေကြောင်း ဆိုသည်။

ယင်းကြောင့် ထိုင်းနိုင်ငံသားများကိုသာ အလုပ်ခန့်ထားလိုသော်လည်း ကနုတ်ကန်က မတတ်နိုင်ကြောင်း ပြောသည်။

“ထိုင်းတစ်ယောက်ကို အလုပ်ခန့်လိုက်ရင် လွယ်လွယ်လေး။ ဆိုင်ကလည်း ထိုင်းဆို ပိုဦးစားပေးခန့်တယ်။ ခက်တာက ဘယ်သူမှ လာမလျှောက်ကြဘူး။ ဒါပေမဲ့လည်း ဆိုင်က ဆက်ဖွင့်ရဦးမယ်ဆိုတော့ အလုပ်ရှုပ်လည်း မြန်မာအလုပ်သမားတွေကို ခန့်ထားရမှာပဲ” ဟု သူက ဆိုသည်။

အထောက်အထား ပြဿနာ

လက်ရှိ ရွှေ့ပြောင်းအလုပ်သမားများက အလုပ်လုပ်ခွင့် လက်မှတ်ကုန်ဆုံးနေကြပြီး ထိုင်းအစိုးရဘက်လည်း အချိန်မီ သက်တမ်းတိုးမပေးနိုင်သေးပေ။

ပြီးခဲ့သော ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်အရ မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို MoU စနစ်ဖြင့်သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

MoU စနစ်အရ အလုပ်သမားများက မူရင်းနိုင်ငံပြန်စရာမလိုဘဲ ထိုင်းတွင် သက်တမ်းတိုးရမည်ဖြစ်သော်လည်း သက်ဆိုင်ရာ နိုင်ငံသံရုံးများက ထောက်ခံပေးရဦးမည်ဖြစ်သည်။

လုပ်ငန်းစဉ်က ရှုပ်ထွေးနေပြီး အချိန်ကြာသလို ငွေပိုကုန်ကြောင်း ကနုတ်ကန်က ပြောသည်။

“အရင်တုန်းက သက်တမ်းတိုးတုန်းက လွယ်လဲလွယ်တယ်။ မြန်လဲ မြန်တယ်။ အဲဒီတုန်းက နည်းလမ်းအတိုင်း သက်တမ်းမတိုးပဲ ဒီလောက်ရှုပ်ထွေးတဲ့ MoU စနစ်ကို အစိုးရက ဘာလို့ သုံးပြုတာလဲဆိုတာကို ကျွန်မဖြင့် နားကို မလည်ဘူး” ဟု ကနုတ်ကန်က ဆိုသည်။

လက်ရှိအချိန်တွင် ကမ္ဘောဒီးယားအစိုးရနှင့် MoU စနစ်အတိုင်း သက်တမ်းတိုးရန် သဘောတူညီချက်ရရှိပြီဖြစ်ပြီး မြန်မာ၊ လာအို၊ ဗီယက်နမ်နိုင်ငံများက သဘောတူရန် ညှိနှိုင်းနေဆဲဖြစ်သည်။

ယင်းနိုင်ငံများက သဘောတူညီချက် မရသေးသဖြင့် သက်တမ်းတိုးကာလ အချိန်ကြန့်ကြာနေကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်ကျန်းနွန်စိုးခေါင်ရိုက ပြောသည်။

အလုပ်သမားများက အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းကုန်ဆုံးပါက မူရင်းနိုင်ငံ ပြန်ရမည်ဖြစ်သော်လည်း နိုင်ငံပြန်စရာမလိုပဲ သက်တမ်းတိုးနိုင်ရန် MoU စနစ်ဖြင့် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

MoU စနစ်ဖြင့် သက်တမ်းတိုးပါက အလုပ်သမားများ အလုပ်လုပ်ခွင့်သက်တမ်း ၂ နှစ်ရရှိမည်ဖြစ်ပြီး နောက်ထပ် ၂ နှစ် သက်တမ်းတိုးနေထိုင်ခွင့် ရမည်ဖြစ်သည်။

လက်ရှိတွင် လုပ်ငန်းစဉ်များ အဆင်ပြေလွယ်ကူစေရန် အွန်လိုင်းမှတစ်ဆင့် သက်တမ်းတိုးလုပ်ဆောင်နိုင်ရေး အစိုးရဘက်က ကြိုးစားဆောင်ရွက်ပေးနေကြောင်း ဒေါ်ကျန်းနွန်က ပြောသည်။

အထူးသဖြင့် အလုပ်ရှင်များ ငွေအကုန်အကျ လျော့နည်းစေရန်နှင့် အချိန်ကြန့်ကြာမှု မရှိစေရန်အတွက် အလုပ်သမားဝန်ကြီးဌာနဘက်က အမြန်ဆုံး ပြင်ဆင်ဆောင်ရွက်ပေးနေကြောင်း သူကပြောသည်။

“ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို မသုံးလို့ကို မရနိုင်ပါဘူး။ တကယ်လို့သာ ကျွန်မတို့နိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေသာ မရှိတော့ရင်ပေါ့။ စားသောက်ဆိုင်တွေ အသေးစားလုပ်ငန်းတွေကတော့ သွားပြီ။ ၈၀ ရာခိုင်နှုန်းလောက် ရွှေ့ပြောင်းအလုပ်သမားတွေလေ။ သူတို့သာ အိမ်ပြန်သွားရင် အလုပ်သမားလိုအပ်ချက်ကို စဉ်းစားကြည့်ကြပေါ့” ဟု သူက မြန်မာအလုပ်သမားများ၏ အရေးပါပုံကို ထောက်ပြသည်။

အလုပ်ရှင်များနှင့် ရွှေ့ပြောင်းအရေး

ထိုင်းနိုင်ငံသား အလုပ်ရှင်အများစုက အသေးစား အလတ်စား SME လုပ်ငန်းများ၊ လယ်ပိုင်ရှင်၊ ခြံပိုင်ရှင်နှင့် အခြားအိမ်သုံးပစ္စည်းဆိုင်ပိုင်ရှင်များဖြစ်ကြသည်။

ယင်းလုပ်ငန်းအများစုက လက်ရှိ သက်တမ်းကုန်နေသော ရွှေ့ပြောင်းအလုပ်သမားများကို အချိန်မီ သက်တမ်းမတိုးပေးနိုင်ကြပေ။

နောက်ဆက်တွဲအနေဖြင့် ထိုင်းအာဏာပိုင်များက အလုပ်သမားများအပေါ် ခြိမ်းခြောက်ငွေညှစ်မှုများပါ ကြုံတွေ့လာနေရသည်။

အလုပ်သမားများအပေါ် ဥပဒေအရ အကာအကွယ်မပေးနိုင်သောအချိန် အလုပ်သမားအခွင့်အရေးကို ဆောင်ရွက်နိုင်ရန် SME လုပ်ငန်းရှင်များစုပေါင်းပြီး အသေးစား လုပ်ငန်းရှင်များအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြောင်း အဖွဲ့ဝင် မနိလုဘွန်း ဖုံဖယောက ပြောသည်။

“အစိုးရ အုပ်ချုပ်ရေးဘက်ကို အားကိုးလို့ မရချိန်မှာ ကျွန်မတို့ ဒီလိုလုပ်ဆောင်မှုတွေ လိုအပ်လာနေတယ်” ဟု ၎င်းက ဆိုသည်။

သူသည် အလုပ်ရှင်များအတွက် အချိန်နှင့် ငွေပိုကုန်စေသော MoU စနစ်ဖြင့် သက်တမ်းတိုးလုပ်ငန်းစဉ်ကို အစဉ်တစိုက် ကန့်ကွက်နေသူတစ်ဦးလည်းဖြစ်သည်။

အလုပ်ရှင်များအတွက် ပိုမိုလွယ်ကူစေမည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် သက်တမ်းတိုးစနစ်ကို အစိုးရဘက်က ပြန်လည်စဥ်းစားရန် အလုပ်သမား ဝန်ကြီးဌာနနှင့် လွှတ်တော်သို့ သွားရောက် ဆွေးနွေးတင်ပြခဲ့သူလည်း ဖြစ်သည်။

“အလုပ်ရှင်တွေက ဒီလိုသာ မလှုပ်ရှားကြဘူးဆိုရင် အလုပ်သမားတွေကိုပဲ ထိခိုက်စေတာမဟုတ်ဘူး။ အလုပ်ရှင်တွေလည်း ပိုထိခိုက်လာလိမ့်မယ်” ဟု နိလုဘွန်းက ဆိုသည်။

ယခင်တည်းက ရွှေ့ပြောင်းအလုပ်သမားများသည် စာရွက်စာတမ်းအစုံအလင်ဖြင့် လုပ်ကိုင်နေသော်လည်း စာရွက်စာတမ်းမစုံလင်၊ ဆိုင်ထဲ ဈေးရောင်းခွင့်မရှိကြဟုဆိုကာ ဆိုင်များထဲထိ ဖမ်းဆီးခံနေရကြောင်း သူမက ပြောသည်။

လုပ်ငန်းခွင်ထဲထိ အလုပ်သမားများ ဖမ်းဆီးခံနေရသဖြင့် ဥပဒေစည်းမျဉ်းများကို ပြန်လည်သုံးသပ်ပေးကြရန် နိလုဘွန်းက လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ရှေ့ထွက်ပြောဆိုခဲ့ကြောင်း ဆိုသည်။။

“အလုပ်သမားတွေက ထိုင်းနိုင်ငံမှာ တရားဝင် နေထိုင်လုပ်ကိုင်နေပြီး အခွန်တွေလည်း ဆောင်ထားတယ်။ သူတို့က ထိုင်းစီးပွားရေးကဏ္ဍအတွက် အစိတ်အပိုင်းတစ်ခုပဲ။ ဒါကို အစိုးရဘက်က နည်းမှန် လမ်းမှန်နဲ့ စာရွက်စာတမ်းတွေကို သက်တမ်းတိုးလုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်” ဟု နိလုဘွန်းက ထောက်ပြသည်။

ထိုင်းအစိုးရဘက်က သက်တမ်းတိုးလုပ်ငန်းစဉ် ပြောင်းလဲလိုက်သည့်အပေါ် များစွာ အခက်တွေ့နေကြောင်း နောက်ထပ် အလုပ်ရှင်တစ်ဦးဖြစ်သည့် ရွိုင်စိုင်းက ပြောသည်။

ရွိုင်စိုင်းသည် အလုပ်သမားအဖွဲ့အစည်းဖြစ်သည့် Migrant Working Group ၏ အသိပညာပေးရေး ညှိနှိုင်းသူတစ်ဦးလည်းဖြစ်သည်။

“ရွှေ့ပြောင်းအလုပ်သမားအရေး ဥပဒေစည်းမျဉ်း ရေးဆွဲရေးအဖွဲ့ထဲမှာ စက်ရုံလုပ်ငန်းရှင်ကြီးတွေ ပါတယ်။ ဒါပေမဲ့ သူတို့က SME တို့လို အသေးစားလုပ်ငန်းတွေဘက် လှည့်မကြည့်ပေးဘူး။ လုပ်ငန်းကြီးတွေကသာ အစိုးရစည်းမျဉ်းအတိုင်း လိုက်နာဆောင်ရွက်ဖို့ ပိုလွယ်ကူနေကြတယ်။ အသေးစားလုပ်ငန်းတွေအတွက်က ပိုပိုခက်လာကြတယ်” ဟု ရွိုင်စိုင်းက ဆိုသည်။

အထူးသဖြင့် အလုပ်သမား ၅ ဦးမှ ၁၀ ဦးကြား ခန့်ထားသော အသေးစားလုပ်ငန်းများအတွက် အလုပ်သမား ၁ ဦး သို့မဟုတ် ၂ ဦး အလုပ်ပြုတ်သွားပါက လုပ်ငန်းအတွက် များစွာ ထိခိုက်စေကြောင်း သူက ထောက်ပြသည်။

“ကျွန်တော်တို့ အလုပ်ရှင်တွေကလည်း အစိုးရစီးပွားရေးစနစ်အတွက် ငွေကြေးတွက်ပြပေးရတယ်။ ဒီလုပ်ငန်းတွေသာ ဆက်တိုက် ထိခိုက်လာနေရင် ထိုင်းနိုင်ငံက စီးပွားရေး တိုးတက်လာဖို့ အဟန့်အတားတစ်ခု ဖြစ်နေမှာပဲ” ဟု ရွိုင်စိုင်းက ဆိုသည်။

လက်ရှိ အစိုးရဘက်က အကောင်အထည်ဖော်နေသော MoU စနစ်သည် အလုပ်ရှင်များကို အကျိုးမဖြစ်စေပဲ ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေဘောင် အပြင်သို့ ရောက်ရှိသွားစေပြီး ဆိုးကျိုးများနေကြောင်း သူက ထောက်ပြသည်။

အလုပ်သမားများ၏ သက်တမ်းတိုးစရိတ်က လစာများထက် ပိုကုန်ကျနေသဖြင့် အလုပ်သမားများအား အကြွေးဝန်ပိစေပြီး အလုပ်ရှင်ကိုပါ ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေကြောင်း ရွိုင်စိုင်းက ပြောသည်။

“သက်တမ်းတိုးစရိတ်က လက်ရှိ ဘတ် ၁၅၀၀၀ ထက် မနည်းဘူး။ အလုပ်သမားလစာကို ကြည့်လိုက် ၁၅၀၀၀ ထက် ပိုမရကြဘူး။ ဒါကိုကြည့်လိုက်ရင် သူတို့လစာထက် ပိုများနေတာကို တွေ့ရတယ်။ ပြီးတော့ နှစ်တိုင်းလိုလို သက်တမ်းတိုးနေရတယ်” ဟု ၎င်းက ဆိုသည်။

အလုပ်ရှင်တစ်ဦးအနေဖြင့် အလုပ်သမားများ၏ စာရွက်စာတမ်းကုန်ကျစရိတ်ကို စိုက်ထုတ်ပေးရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်းလူမျိုးများကို အလုပ်ခန့်ထားရန် ရှာမတွေ့သေးသဖြင့် ကုန်ကျစရိတ်များနေသည့်ကြားက မြန်မာအလုပ်သမားများကိုသာ နှစ်ပေါင်း ၂၀ ကျော်ကြာအောင် ခန့်ထားနေရကြောင်း ၎င်းက ထောက်ပြသည်။

ထို့ကြောင့် အလုပ်သမားများကို ခန့်ထားရေး ကုန်ကျစရိတ်က အလုပ်သမားများ၏ လုပ်ခလစာထက်ပိုများနေသော အစိုးရစည်းမျဉ်းဥပဒေများကို ပြန်သုံးသပ်ပေးရန် အသေးစားလုပ်ငန်းရှင်များအသင်းဘက်က ထိုင်းအစိုးရဘက်ကို တိုက်တွန်းနေကြသည်။

လက်ရှိ မြန်မာပြည်တွင်းအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်လာပြီး ထိုင်းနိုင်ငံထဲ အလုပ်လာလုပ်ကြသဖြင့် ထိုင်းနိုင်ငံထဲ မြန်မာအလုပ်သမားများ ပိုမိုများပြားနေသည် ဆိုသော်လည်း အသေးစားလုပ်ငန်းရှင်များအတွက် အလုပ်သမားလိုအပ်ချက် ရှိနေသေးကြောင်း ရွိုင်စိုင်းက ဆိုသည်။

“SME လုပ်ငန်းတွေအတွက် အလုပ်သမားလိုအပ်ချက်တွေက အတောမသတ်နိုင်သေးဘူး။ ဒါကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေကို အမုန်းပွားနေမယ့်အစား သူတို့ကို ကူညီဖေးမပြီး အလုပ်ခန့်ထားကြရပါမယ်”

(ဆောင်းပါးကို UNDP Media Fellowship on Sustainable Development အစီအစဉ်ဖြင့် ထုတ်ခြင်းဖြစ်ပြီး ထိုင်းဘာသာဖြင့် TODAY သတင်းဌာနတွင် ဖော်ပြထားသည်။ ယင်းဆောင်းပါးကို မြန်မာဘာသာဖြင့် Dawei Watch က ပြန်လည်ဖော်ပြပါသည်။)