BREAKING
March 3, 2025

ကလိန်အောင်တွင် အစစ်အဆေးတင်းကြပ်

March 2, 2025

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ရှိ ရပ်ကွက်လေးခုတွင် နေအိမ်အတွင်းထိ ဝင်ရောက် စစ်ဆေးမှုများပြုလုပ်နေပြီး အစစ်အဆေးတင်းကြပ်နေကြောင်း မြို့ခံများထံသိရသည် ။

ရေး – ထားဝယ်ကားလမ်းမပေါ်ရှိ မြို့ပေါ်ရပ်ကွက်များအပြင် ရှင်ကိုးရှင် စာရင်းဝင် ဆံတော်ရှင် ဘုရားတည်ရှိသည့် အင်းပြားရွာတွင်လည်း ယင်းကဲ့သို့ အစစ်အဆေးတင်းကြပ်နေကြောင်း ၎င်းတို့က ဆိုသည် ။

“၁ ရက်နေ့(မတ်လ ၁ ရက်) က ကားလမ်းကို နေ့တစ်ဝက်ပိတ်ပြီး မြို့ထဲကအိမ်တွေရော ၊ အင်းပြားရွာထဲက အိမ်တွေရော စစ်သားတွေ နေ့ခင်းဘက် လိုက်စစ်နေတယ် ။ တစ်ခုခု သတင်းရထားလို့ ရှာသလိုမျိုး လိုက်စစ်နေတယ် ” ဟု ကလိန်အောင် မြို့ခံတစ်ဦး ကပြောပြသည် ။

ယင်းအပြင် ခမရ ၄၁၀ စစ်ကောင်စီတပ်ရင်း နှင့် တံတား စစ်ဆေးရေးဂိတ်ကလည်း ယခုရက်ပိုင်းအတွင်း ညဘက်တွင်လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ၎င်းကပြောဆိုသည် ။

ကလိန်အောင်မြို့ တွင် ယင်းသို့ စစ်ဆေးတင်းကြပ်မှု မပြုလုပ်မီ ဖေဖော်ဝါရီလ ၂၅ ရက်က ကလိန်အောင်မြို့အနီး မိကျောင်းလှောင်ရွာသစ်ရှိ ရော်ဘာခြံတစ်ခုအတွင်းမှ လောင်းကစားဝိုင်းကို စစ်ကောင်စီက ဝင်ဖမ်းသဖြင့် အမျိုးသားနှစ်ဦး အဖမ်းခံခဲ့ရကြောင်း ကလိန်အောင်ဒေသခံများထံမှ သိရသည် ။

အဖမ်းခံရသူနှစ်ဦးမှာ ကိုရွှေဘိုဆိုသူနှင့် ကိုဖြိုးဝေစိုး ဆိုသူတို့ဖြစ်ကြပြီး ခမရ ၄၁၀ တပ်ရင်းတွင် နှစ်ရက်ကြာစစ်ဆေးပြီးနောက် မောရဝတီရေတပ်စခန်းဌာနချုပ်သို့ ထပ်မံပို့ဆောင်လိုက်ပြီး ယနေ့ (မတ်လ ၂ရက်) အထိပြန်မလွတ်လာသေးကြောင်း ကာယကံရှင်များနှင့် နီးစပ်သူတစ်ဦးက ပြောပြသည် ။

” ကိုရွှေဘိုက အရင်က ကရင်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်ဖြစ်ဖူးတယ် ။ ဒါပေမဲ့ သူက နုတ်ထွက်ထားပြီးပြီ ။ သူနဲ့အတူ အဖမ်းခံရတဲ့တစ်ယောက်ကတော့ ကစားဝိုင်းလာရင်း အဖမ်းခံလိုက်ရတာပါ ” ဟု ၎င်းကပြောဆိုသည် ။

စစ်ကောင်စီက သတင်းထုတ်ပြန်ချက်တွင်မူ မိကျောင်းလှောင်ရွာသစ်အနီး ပြုလုပ်နေသည့် ရိုးရာနတ်ပွဲ ၏ ပျော်ပွဲရွှင်ပွဲတွင် အကြမ်းဖက်အဖွဲ့ဝင်နှစ်ဦး ဖမ်းမိသည်ဟု အကြောင်းပြထားသည် ။

ကလိန်အောင်မြို့ ပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းကြည့်ရာတွင်မူ ကိုရွှေဘို သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးမဟုတ်ကြောင်း တုံ့ပြန်ပြောဆိုကြသည် ။

ကလိန်အောင်မြို့သည် ရေး-ထားဝယ်ကားလမ်းမပေါ်တွင်တည်ရှိပြီး ထားဝယ်မြို့နှင့် ၄၆ မိုင် ၃ ဖာလုံ ကွာဝေးသည် ။