BREAKING
March 3, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

March 2, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်အထိ  

ငွေကြေးခဝါချမှု အမည်ပျက်နိုင်ငံစာရင်းမှာ မြန်မာဆက်ရှိ

ပုံစာ – မြန်မာနိုင်ငံဗဟိုဘဏ်ရှေ့တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း) ဓာတ်ပုံ – Reuters

နိုင်ငံတကာငွေကြေးခဝါချမှုဆိုင်ရာ စောင့်ကြည့်အရေးယူရေးအဖွဲ့ FATF ရဲ့ အမည်ပျက်စာရင်းမှာ မြန်မာနိုင်ငံဆက်လက် ရှိနေပြီး လာမယ့် ဇွန်လအထိ တိုးတက်မှု မရှိရင် အရေးယူမှုတွေ ထပ်မံချမှတ်မယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဖေဖော်ဝါရီလ တတိယပတ်က ကျင်းပခဲ့တဲ့ FATF အစည်းအဝေးမှာ အခုလိုဆုံးဖြတ်ခဲ့တာပါ။ စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌကတော့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆောင်ရွက်နေပြီး လူအများအပြားသေစေနိုင်တဲ့ လက်နက်တွေပြန့်ပွားအောင် ငွေကြေးထောက်ပံ့နေတာတွေကို နိုင်ငံတကာစံနှုန်းတွေအပြင် FATF ရဲ့ အကြံပြုချက်နဲ့ အညီ အကောင်အထည်ဖော်နေတဲ့လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံကို မြောက်ကိုရီးယား၊ အီရန်တို့နဲ့အတူ ၂၀၂၂ ခုနှစ်မှာ FATF က အမည်ပျက်စာရင်းထဲမှာ ထည့်ခဲ့တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုတွေအပေါ် ငွေကြေးထောက်ပံ့မှုတွေကို တားဆီးဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ စုစည်းတည်ထောင်ထားတဲ့ ပြစ်သစ်အခြေစိုက် အဖွဲ့ဖြစ်ပါတယ်။

……………………………………..

မြိုင်မှာ မင်္ဂလာဆောင်ဗုံးကြဲခံရလို့ လူ ၁၀ကျော်သေဆုံး

ပုံစာ – ဆုံကုန်းရွာ ဘုန်းကြီးကျောင်းမှာ ကျင်းပနေတဲ့ မင်္ဂလာပွဲ ဖေဖော်ဝါရီလ ၂၅ရက်က ဗုံးကြဲတိုက်ခိုက်ခံရမှု မြင်ကွင်း။ ဓာတ်ပုံ – Red Peacock

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဆုံကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ မင်္ဂလာဆောင် အခမ်းအနားကို စစ်ကောင်စီတပ်က လေယာဉ် ဗုံးကြဲတိုက်ခိုက်လို့ လူ ၁၀ ကျော် သေဆုံးခဲ့ပါတယ်။

ဆုံကုန်းရွာဘုန်းကြီးကျောင်းမှာ ဖေဖော်ဝါရီလ ၂၅ရက်က မင်္ဂလာဆောင်အခမ်းအနားကျင်းပနေချိန် စစ်ကောင်စီတပ်က လေယာဉ်နှစ်ကြိမ်လာပြီး ပေါင် ၅၀၀ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၂ဦးထက်မနည်းသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရပါတယ်။

မင်္ဂလာပွဲလာသူတွေကို ​ကျွေးမွေးတဲ့နေရာနဲ့ ချက်ပြုတဲ့နေရာတွေအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး သေဆုံးသူ အများစုဟာ ချက်ပြုတ်ကြတဲ့ ဒေသခံတွေဖြစ်တယ်လို့ ဆိုပါတယ်။ သတို့သားနဲ့ သတို့သမီးကတော့ ဘုန်းကြီးကျောင်းပင်မဆောင် ဧည့်ခံတဲ့နေရာမှာ ရှိနေတာကြောင့် ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ အရင်ကလည်း မင်္ဂလာဆောင်အခမ်းအနားကို ဗုံးကြဲတိုက်ခိုက်ဖူးပါတယ်။ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောရွာမှာ ၂၀၂၄ ခုနှစ် ဇွန်လက ပအဖအဖွဲ့ဝင်တစ်ဦးရဲ့ မင်္ဂလာဆောင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရလို့ လူ ၃၀ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါသေးတယ်။

ဆုံကုန်းရွာတိုက်ခိုက်ခံရတဲ့နေ့မှာပဲ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမနဲ့ နွယ်ခွေရွာလည်း လေကြောင်း တိုက်ခိုက် ခံရလို့ ကလေးနှစ်ဦးအပါအဝင် လူ ၁၀ကျော် သေဆုံးခဲ့ပါသေးတယ်။ ဒါ့အပြင် အခုသီတင်းပတ်အတွင်း ကရင်နီ (ကယား) ထဲက မိုးဗြဲမြို့နယ်၊ မန္တလေးတိုင်းထဲက နွားထိုးကြီး၊ တောင်သာ၊ သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေ၊ မကွေးတိုင်းထဲက စေတုတ္တရာနဲ့ စလင်းမြို့နယ်တွေ၊ ချင်းပြည်နယ် ဟားခါးမြို့နယ်၊ KIA ဌာနချုပ်ရှိတဲ့ လိုင်ဇာနဲ့ မံစီမြို့နယ်တွေလည်း လေယာဉ်၊ စက်တပ်လေထီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ အရပ်သားပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ပါတယ်။

……………………………………..

ကျောက်ဖြူက ဓညဝတီရေတပ်ဌာနချုပ်အနီးမှာ တိုက်ပွဲတွေပြင်းထန်

ပုံစာ – AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း) ဓာတ်ပုံ – AA Info Desk

တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ထဲက စစ်ကောင်စီရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။

အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်တာကြောင့် ဖေဖော်ဝါရီလ ၂၀ ရက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားတာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၈ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ စစ်ကောင်စီတပ်ဘက်က စစ်သင်္ဘောတွေနဲ့ အင်အားဖြည့်တင်းထားသလို ဓညဝတီရေတပ်စခန်းဌာနချုပ် အနီးဝန်းကျင် ကျေးရွာ ၁၀ကျော်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် ကျောက်ဖြူမြို့ကို အဝင်အထွက်တွေ ပိတ်ထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ ခုရှိတဲ့အထဲက ၁၄ မြို့နယ်ကို AA က သိမ်းယူထားပြီး ပြည်နယ် မြို့တော်ဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေကိုပဲ စစ်ကောင်စီက ထိန်းချုပ်နိုင်တော့တာပါ။ လက်ရှိမှာတော့ ကျောက်ဖြူအပြင် စစ်တွေမြို့အနီးမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

AA နဲ့ စစ်ကောင်စီတပ်တွေဟာ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်းတွေနဲ့ ရခိုင်ပြည်နယ် နယ်စပ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

……………………………………..

မုဒိမ်းမှုဖြင့် ဝရမ်းထုတ်ထားတဲ့ ကန့်ဘလူ ပအဖခေါင်းဆောင်ကို ဖမ်းဆီး

ပုံစာ – NUG က ၂၀၂၄ ခုနှစ်မှာ စစ်ခုံရုံးဖွဲ့စစ်ဆေးမှုတစ်ခု (ပုံဟောင်း) ဓာတ်ပုံ – MOD

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက အချုပ်မှာ ထိန်းသိမ်းထားတဲ့ အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်ခဲ့တယ်ဆိုပြီး ဝရမ်းထုတ်ခံထားရတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ ဦးမြင့်ဇော်ဦး (ခေါ်) ဦးမဲခေါင်ကို ဖမ်းဆီးထားတယ်လို့ NUG က အတည်ပြုထားပါတယ်။

၂၀၂၃ ခုနှစ်မှာ အချုပ်သူ သုံးဦးအပေါ် ဦးမြင့်ဇော်ဦး၊ စခန်းမှူး ဦးအောင်ဇေယျ၊ စခန်းမှူးဟောင်း ဦးရဲရင့်တို့ဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကာယကံရှင် အမျိုးသမီးတွေက တိုင်တန်းခဲ့ပါတယ်။ ဒီအမှုကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က စုံခုံဖွဲ့စစ်ဆေးခဲ့ပါတယ်။

ဦးအောင်ဇေယျ၊ ဦးရဲရင့်တို့ အခုနှစ် ဇန်နဝါရီလမှာ ဖမ်းဆီးနိုင်ခဲ့ပေမယ့် ဦးမြင့်ဇော်ဦးက လွတ်မြောက်နေခဲ့တာပါ။ ဖေဖော်ဝါရီလ ၂၅ရက်မှာတော့ သူဟာ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီမှာ အဖမ်းခံခဲ့တယ်လို့ NUG ဘက်က ဆိုပါတယ်။

ဦးမြင့်ဇော်ဦးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ကိုယ်စားပြု ရွေးကောက်ခံ အနိုင်ရခဲ့တဲ့ ကန့်ဘလူမြို့နယ်ရဲ့ စစ်ကိုင်းတိုင်း လွှတ်တော်အမတ် ဖြစ်ပါတယ်။

……………………………………..

ချင်းအဖွဲ့အစည်းနှစ်ခုပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီဖွဲ့မယ်

ဓာတ်ပုံ – Chin World

ချင်းပြည် (Chinland) ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီကို ဖွဲ့စည်းဖို့ ဖေဖော်ဝါရီလ ၂၆ရက်မှာ သဘောတူခဲ့ကြပါတယ်။

ချင်းအမျိုးသားကောင်စီ အမြန်ဆုံးပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ဒီလိုပေါင်းစည်းနိုင်ခဲ့တဲ့အပေါ် ကြိုဆိုဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရးအစိုးရ NUG က ထုတ်ပြန်ပါတယ်။ ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းဖို့ သဘောတူခဲ့တာဟာလည်း ချင်းအမျိုးသား တစ်ရပ်လုံးနဲ့ အနာဂတ် ပြည်ထောင်စု အတွက် အတိုင်းထက်အလွန် ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းပြည်ကောင်စီကို ဝါရင့်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦးက ဦးဆောင်တာဖြစ်ပါတယ်။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကိုတော့ အာဏာသိမ်းမှုဖြစ်ပြီး နောက်ပိုင်းပေါ်ပေါက်လာတဲ့ တော်လှန်ရေး မဟာမိတ် ခြောက်ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ချင်းညီနောင်ရဲ့ ဦးဆောင်မှုနဲ့ ဖွဲ့စည်းထားတာပါ။

အခုလို သဘောမတူခင်က နှစ်ဖက်တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်မှုတွေရှိပြီး ထိတွေ့ပစ်ခတ်တာတွေလည်း ဖြစ်ခဲ့ကြပါတယ်။

……………………………………..