ဖေဖော်ဝါရီ ၁ ရက်တွင် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည့် မသျှားပြည့်ခင်တစ်ယောက် အနာဂတ် ရည်မှန်းချက်များ ကြွေလွင့်ပျောက်ကွယ် ခဲ့သည်။
သူမဘဝ အမှောင်ဖုံးသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ဘဝမျှော်လင့် ချက်များလည်း မဲ့သွားခဲ့ရသည်။
ထိုနေ့နံနက်စောစောအချိန်တွင် တပ်မတော်က အစိုးရခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည်။ မဲမသမာမှုကြောင့် ထိုသို့ ဖမ်းဆီးလိုက် သည်ဟုဆိုပြီး နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာကာ အာဏာသုံးရပ်စလုံး ကို ကိုင်တွယ်ကျင့်သုံးမည်ဖြစ်ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။
ထိုသို့ အာဏာသိမ်းလိုက်သည့်အတွက် လူငယ်များ အနိုင်ကျင့်ခံရပြီး ပညာရေး စီးပွားရေး အပါအဝင် အရာရာ ဆုံးရှုံးသွား သကဲ့သို့ ခံစားရကြောင်း သူမက ဆို့နင့်စွာပြောသည်။
“ရှေ့ဆက်ဖို့အတွက်က အမှောင်ကျ နေသလိုဖြစ်သွားတယ်။ အလင်းရောင်ဆိုတာ မမြင်ရတော့သလို ပုံစံဖြစ်သွားတာ” ဟု မသျှားပြည့်ခင်က ဆိုသည်။
အာဏာမသိမ်းမီက ကိုဗစ်ကပ်ဘေးကြောင့် တက္ကသိုလ်များ ကျောင်းများ ပိတ်ထားခဲ့ရသည်။ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းပြီးတော့မည့် အရိပ်အယောင် ပြလာချိန်တွင် လူငယ်များက ကျောင်းတက် ပညာသင်ယူခွင့်၊ စီးပွားရှာခွင့်အတွက် အားတင်းထားကြသည်။
သို့ရာတွင် ထိုမျှော်လင့်ချက်များမှာ သဲထဲရေသွန်ဖြစ်သွားရကြောင်း လူငယ် အများစုက ညည်းတွားကြသည်။
ထိုကြောင့်လည်း နောက်ရက်များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ ပွဲများတွင် မသျှားပြည့်ခင်လို လူငယ် အများအပြား ပါဝင်လာသည်။
အာဏာသိမ်းပြီး ငါးရက်မြောက်နေ့တွင် စတင်ခဲ့သည့် ထားဝယ်သပိတ် စစ်ကြောင်းတွင်လည်း ကျောင်းသားများနှင့် လူငယ်များက ဦးဆောင်ခဲ့သည်။
ယင်းနေ့တွင် လူငယ်ငါးဆယ်ခန့် သာ ပါဝင်ခဲ့သည်။
နောက်နှစ်ရက်အကြာတွင်မူ အဆပေါင်းများစွာ များပြားလာပြီး ဆန္ဒပြလူငယ် ထောင်ပေါင်းများစွာအထိ တိုးပွားလာခဲ့သည်။
အင်ဂျင်နီယာလူငယ်များ၊ ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသားနှင့် အခြေခံပညာကျောင်းသားများလည်း ပါဝင်လာကြသည်။
ဆယ်တန်းကျောင်းသားတစ်ဦးဖြစ် သည့်ကိုစိုးရာဇာကလည်း ၎င်းအတွက် အပြင် ကျောင်းသားလူငယ်များ၏ အနာဂတ်အတွက်ပါ တိုက်ပွဲဝင်ဆန္ဒပြနေရခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်အာဏာသိမ်းထားတာ ပြန်ရုပ်သိမ်းသွားပြီးတော့ ဒီမိုကရေစီအစိုးရ တက်လာမှပဲ လူငယ်တွေအတွက် အနာဂတ်ပိုကောင်း လာမယ်လို့ထင်တယ်” ဟု ကိုစိုးရာဇာက ပြောသည်။
ကျောင်းသားလူငယ်များအပြင် ကျောင်းဆရာ ဆရာမများလည်း ပျမ်းမျှအားဖြင့် တစ်ရက်ခြားတစ်ကြိမ် ဆန္ဒပြ နေကြပြီး အင်အားထောင်ချီပါဝင်သည်။
ကျောင်းသားလူငယ်များ ပညာသင်ကြားရာတွင် ယခင်စစ်အစိုးရအုပ်ချုပ်စဉ်ကကဲ့သို့ အလွတ်ကျက်စနစ်ဖြင့် သွားမည့်အရေး မလိုလားကြောင်း ဆန္ဒပြရာတွင် ပါဝင်နေသည့် ကျောင်းဆရာမ တစ်ဦးဖြစ်သူ ဒေါ်သန်းသန်းဦးက ဆိုသည်။
“စစ်အစိုးရတက်မယ်ဆို ကျွန်မ တို့အလုပ်ထွက်မယ်။ လုံးဝအလုပ်မလုပ် နိုင်ဘူး။ စစ်အစိုးရလက်ထက်မှာတော့ ကျွန်မတို့ CDM စလုပ်ကတည်းက အဆုံးထိတွေးထားပြီးသား”