BREAKING
September 20, 2024

တိုတယ် CDM ဝန်ထမ်းများ အလုပ်ပြန်ဆင်းရန် ဖိအားပေးခံရ

March 2, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တိုတယ် (Total) ကုမ္ပဏီတွင် အလုပ်မဆင်းဘဲ CDM လုပ်နေသည့် ဝန်ထမ်းများ အလုပ်မဆင်းပါက လူအစားထိုးခန့် အပ်မည်ဆိုကာ Atalian Global Service ကုမ္ပဏီဘက်မှ ဖိအားပေးလာကြောင်း စုံစမ်းသိရှိရသည်။

တိုတယ်ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်း ၄၄ ဦးသည် ဖေဖော်ဝါရီလ ၂၅ ရက်မှစပြီး အလုပ်မဆင်းဆန္ဒထုတ်ဖော် (CDM) မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းသို့ကြေညာပြီး နောက်တစ်နေ့တွင် Atalian Global Service ကုမ္ပဏီဘက်က ဖိအားပေးလာခြင်း ဖြစ်သည်။

တိုတယ်ကုမ္ပဏီတွင် တာဝန်ထမ်း ဆောင်နေသော လုံခြုံရေးဝန်ထမ်းများကို Atalian Global Service ကုမ္ပဏီထံမှ ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သောကြောင့် ယင်းကဲ့သို့ဖိအားပေး လာခြင်းဖြစ်ကြောင်း လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ လကုန်ရက်မှစပြီး နှစ်ပတ်တိတိ မလုပ်ဆင်းဘဲ ဆန္ဒပြခွင့် ပြုထားပြီး ယင်းကာလကျော်သည်အထိ အလုပ်မဆင်းဘဲနေပါက အလုပ်မဆင်း သူများကို အလုပ်ဖြုတ်ပြီး လူအစားထိုး ခန့်အပ်မည်ဟု Atalian Global Service ကုမ္ပဏီဘက်က အကြောင်းကြားလာကြောင်း လုံခြုံရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။

“နှစ်ပတ်ပြီးရင်တော့ အားလုံး အလုပ်ပြန်ဆင်းကြမယ်။ အလုပ်မဆင်းဘူး ဆိုလို့ရှိရင် အားလုံးကိုဖြုတ်မယ့်သဘော လည်းရှိတယ်။ အလုပ်မဆင်းဘဲနေတဲ့ သူတွေကို ဖြုတ်လိုက်လည်း ဘာမှမဖြစ်ဘူး။ လူအစားပြန်ရှာလို့ရတယ်လို့ ပြောလာတာရှိတယ်” ဟု ဝန်ထမ်းတစ်ဦးက ဆိုသည်။

ကံပေါက်ဒေသရှိ ရတနာ၊ ရဲတံခွန်၊ ဇောတိက ဓာတ်ငွေ့စီမံကိန်း ၃ ခုကို လုပ်ကိုင်နေသည့် ကုမ္ပဏီများအနေဖြင့် တပ်အာဏာသိမ်း အစိုးရနှင့် စီးပွားရေးအရ ဆက်သွယ်ခြင်း မပြုလုပ်ရန် ဒေသခံများက ဆန္ဒထုတ်ဖော် တောင်းဆိုမှုများလည်းရှိသည်။

Petronas (မလေးရှား)၊ PTTEP (ထိုင်း)၊ TOTAL (ပြင်သစ်)၊ Chevron (အမေရိကန်) နှင့် JX (ဂျပန်) စသည့် ကုမ္ပဏီတို့ပါဝင်သည့် ၁၉၉၅ ခုနစ် နောက်ပိုင်းတွင် စတင်ခဲ့သည့် ရတနာ၊ ရဲတံခွန်၊ ဇောတိက ဓာတ်ငွေ့စီမံကိန်းများမှ ရရှိသည့် ဘီလျံချီသော ဒေါ်လာငွေ များသည် ထိုအချိန်က စစ်အစိုးရအတွက် ဘဏ္ဍာတိုက် ဖြစ်ခဲ့သည်ဟု ဒေသခံများ က ဆိုသည်။