BREAKING
February 2, 2025

ရေးမြို့မရဲစခန်း အချုပ်သား ပစ်ခတ်မှု ဒုရဲအုပ်အပါ ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံး

February 2, 2025

မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် အချုပ်သားများ သေနတ်လု ပစ်ခတ်ခဲ့သည့်အတွက် ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ မြို့မရဲစခန်းမှူးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ရေးမြို့၊ ရေးမြို့မရဲစခန်းရှိ အချုပ်ခန်းအတွင်း ရဲတပ်ဖွဲ့ဝင်တို့က ဖေဖေါ်ဝါရီလ ၁ ရက် နံနက် ၉ နာရီခန့် ထမင်းပို့ချိန်တွင် အချုပ်သားအချို့တို့က ရဲတပ်ဖွဲ့ထံမှ လက်နက်လု ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ထိုပစ်ခတ်မှုအတွင်း ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ သုံးဦး အချုပ်ခန်းအတွင်း၌ပင်သေဆုံးခဲ့သည်။ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးလည်း ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ရေးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

အချုပ်သားအချို့ ထိခိုက်သေဆုံးမှုရှိသည့်အပြင် အချုပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း မြို့ခံ အချို့ထံမှ သိရသည်။ အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် အချုပ်သား ၄ ဦးအနက် ၃ ဦးကို ယင်းနေ့ နေ့လယ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့တို့က ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး တစ်ဦး လွတ်မြောက်နေဆဲဖြစ်သည်ဟု စစ်ကောင်စီရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရေးမြို့မရဲစခန်းမှ ထွက်ပြေးလာသည့် အချုပ်သားများအနက်မှ တစ်ဦးကို ၎င်းတို့အဖွဲ့က ကယ်ယူထားသည်ဟု မွန်ပြည်နယ် တောင်ပိုင်းအခြေစိုက် တော်လှန်ရေး အဖွဲ့တစ်ခုဖြစ်သော ရေးဘီလူးက ထုတ်ပြန်ထားသည်။

အဆိုပါ အချုပ်သားသည် နိုင်ငံရေးဥပဒေပုဒ်မများဖြင့် မတရားစွပ်စွဲ အမှုရင်ဆိုင်နေရသူဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ဆိုထားပြီး ထိုသူနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိပေ။

ရေးမြို့မရဲစခန်း ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရေးမြို့ပေါ်၊ မြို့အဝင်အထွက်နှင့် မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် စစ်ကောင်စီတပ်တို့က လုံခြုံရေးတင်းကြပ် စစ်ဆေးလျက် ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ရေးမှာက ကျုံလောင်းတိုက်ပွဲဖြစ်ပြီးကတည်းက လမ်းတွေပိတ်တာ စစ်တာ ဆေးတာတွေက တင်းကြပ်ထားတယ်။ အခု ဒီမနေ့က ရဲစခန်းမှာ ပစ်ခတ် ထပ်ဖြစ်သွားတော့ တမြို့လုံးကို စစ်ဆေးနေတာ။ အခုဆို ဘယ်မှတောင် မသွားရဲ မလာရဲဘူးလေ” ဟု ရေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီဘက်ကတော့ ရေးမြို့မရဲစခန်း အချုပ်သားများ သေနတ်လု ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။

ရေးမြို့ရဲစခန်းကို ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏဝင်ရောက်ပစ်ခတ်လေ့ရှိသည်။ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှု ရှိခဲ့သည်။