BREAKING
January 4, 2025

တနင်္သာရီတွင် မိုင်းနင်းမိပြီး စစ်ဘေးရှောင်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

January 2, 2025

တနင်္သာရီမြို့နယ် ထုံခါ-မောတောင်လမ်းဘေးရှိ ချောင်းနှစ်ပေါက်ရွာက စစ်ဘေးရှောင်အမျိုးသားနှစ်ဦး နေအိမ်သို့ ခေတ္တပြန်စဉ် မိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

တနင်္သာရီ-ထုံခါ-မောတောင်လမ်းပိုင်းကို စစ်ကောင်စီတပ်က အင်အား သုံးရာခန့်ဖြင့် စစ်ကြောင်းထိုးလာစဉ် ရေဖြူ၊ ထုံခါ၊ သိန်ခွန်းရွာနှင့် KNU စစ်ဆေးရေးဂိတ်အနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KNU/KNLA၊ KTLA၊ PDF ပူးပေါင်း တပ်များကြား ဒီဇင်ဘာလ ၁၈ ရက်ကစပြီး နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံများ စစ်ဘေးရှောင်နေကြရပြီး ချောင်းနှစ်ပေါက်ကျေးရွာက ဒေသခံနှစ်ဦးမှာ ဇန်နဝါရီလ ၁ရက် ညနေ ၄နာရီခန့်တွင် နေအိမ်သို့ခေတ္တပြန်စဉ် မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်အတူတူ စစ်ဘေးရှောင်နေသည့် သိန်ခွန်းရွာက လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။

ချောင်းနှစ်ပေါက်ရွာကိုသွားရန် သိန်ခွန်းချောင်းကို ကူးပြီး ကမ်းနားလမ်းအတိုင်းဖြတ်သွားစဉ် လမ်းခုလတ်တစ်နေရာတွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်အချို့က ဆိုသည်။

“ညီမတို့နဲ့ အတူတူစစ်ဘေးရှောင်လာတဲ့သူတွေပဲ။ ရွာကို ခဏပြန်တဲ့အချိန်မှာ (မိုင်း) ထိတာ။ (သေဆုံးတဲ့) တစ်ယောက် ကိုတော့ ဒီနေ့မြေမြှုပ်တယ်။ တစ်ယောက်ကိုတော့ ဆေးခန်းခေါ်ဆောင်သွားတယ်။ ခြေပြတ်လက်ပြတ်တော့ မရှိဘူး၊ အစစင်တာ လောက်ပဲ” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

သေဆုံးသူမှာ အသက် ၄၀ နှစ်ခန့်အရွယ် ဦးဇော်မင်းဖြစ်ပြီး ၎င်းနှင့်အတူသွားသည့် ဒဏ်ရာရသူအမည်ကိုမူ မသိရသေးပေ။

စစ်ကောင်စီတပ်သည် သိန်ခွန်းရွာတွင် တပ်စွဲထားပြီးနောက် KNU/KNLA၊ KTLA၊ PDF ပူးပေါင်းတပ်များနှင့် နေ့စဉ်နီးပါး တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်စလုံးက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် သိန်ခွန်းရွာအပါအဝင် အနီးဝန်းကျင်က ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။