BREAKING
January 11, 2025

လူငယ်တွေ အီးစီးကရက် ဘာလို့သောက်နေကြတာလဲ…

January 2, 2025

ဆေးလိပ်ဖြတ်ရန်အတွက် အစားထိုးသောက်သည်ဟုဆိုသော အီးစီးကရက်က လက်ရှိအချိန်တွင် ကျောင်းသားလူငယ်များကြား ရေပန်းစားလာပြီး စတိုင်တစ်ခုအနေဖြင့် သောက်သုံးလာကြသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ထားဝယ်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းသားထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာကြသည်အထိ ပျံ့နှံ့လာခဲ့သည်။ အပေါင်းအသင်းများအကြား စတိုင်ထုတ်သောက်ကြရာက စွဲစွဲလန်းလန်းဖြစ်သည်အထိ သုံးစွဲလာကြသည်။

ဆေးလိပ်ဖြတ်ရန်ဆိုသည့် Vape (အီးစီးကရက်) တွင် စွဲလန်းစေတတ်သည့် နီကိုတင်းဓာတ်ပါဝင်နေမှုကြောင့် ဆေးလိပ်ပြတ်သွားသော်လည်း Vape ကို မသောက်ရမနေနိုင် စွဲလန်းနေခြင်းဖြစ်ကြောင်း၊ ဆေးလိပ်ကဲ့သို့ပင် အဆုတ်ကို ဒုက္ခပေးနိုင်ကြောင်း ဆရာဝန်များက ဆိုသည်။

နီကိုတင်းဓာတ်က လူငယ်များ၏ ဦးနှောက်ဖွံ့ဖြိုးခြင်းကို ထိခိုက်စေနိုင်ကြောင်း အီးစီးကရက်က သန္ဓေသားကို ထိခိုက်စေနိုင်သလို ဆယ်ကျော်သက်များ၏ ဦးနှောက်ကို ပျက်စီးစေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။

ဆေးလိပ်ဖြတ်ရန်ဆိုသည့် Vape (အီးစီးကရက်) ၏ မူလရည်ရွယ်ချက်ကောင်းသော်လည်း ဆေးလိပ်ကုမ္ပဏီကြီးများက ဆေးရည်တွင် လူကိုစွဲလမ်းစေသည့် နီကိုတင်းများထည့်သွင်းကာ အီးစီးကရက်ဟု အမည်ပေး ရောင်းချလာကြောင်း၊ ယင်းအပြင် နီကိုတင်းထက်ပိုဆိုးသည့် ဓာတုပစ္စည်းများပင် ထည့်သွင်းလာကြောင်း ဒေါက်တာလွင်သန့်၏ ဆောင်းပါးတွင် ဖော်ပြထားသည်။

အချို့အီးစီးကရက်များတွင် လူကိုဒုက္ခပေးစေသည့် ဓာတုပစ္စည်း ၈၀၀၀ ကျော်အထိ ပါဝင်လာပြီး ဓာတုပစ္စည်း ပါဝင်မှုမှာ ဆေးလိပ်ထက် နှစ်ဆပိုများနေကြောင်း၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် အမေရိကန် ပြည်ထောင်စုက လူပေါင်း ၁၀၈၀ ဦး အဆုတ်ရောဂါတစ်မျိုး ပြင်းထန်စွာခံစားရပြီး ဆေးရုံရောက်ရှိလာကာ ၂၁ ဦးမှာ သေဆုံးသွားကြောင်း ယင်းဆောင်းပါးတွင် ပါရှိသည်။

အမေရိကန်ရောဂါထိန်းချုပ်မှုဗဟိုဌာန (CDC) က ယင်းလူနာများကို စစ်ဆေးရာတွင် အီးစီးကရက် သောက်သုံးသူများ ဖြစ်သည်ကို သိရှိလာကြောင်း၊ အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် တစ်ကမ္ဘာလုံးက အီးစီးကရက်များမှာ ဆေးလိပ်ကဲ့သို့ လူကိုဒုက္ခပေးသည့်အရာအဖြစ် သတ်မှတ်လိုက်ကြောင်း ဒေါက်တာလွင်သန့်က ဆောင်းပါးတွင် ဖော်ပြထားသည်။

ထိုအခြေအနေများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ လူငယ်ထုအတွင်း အီးစီးကရက်သုံးစွဲမှုများလာမှု အနေအထားနှင့် ကျန်းမာရေးရှုထောင့်မှ သိမြင်ထားမှုအနေအထားတို့ကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းတင်ဆက်လိုက်ပါသည်။

“အဖေကတောင် ပြောသေးတယ်။ ဒီဟာ (Vape) က ဆေးလိပ်ဖြတ်တဲ့ဟာပဲ အန္တရာယ်မရှိပါဘူးဆိုပြီး”

အလယ်တန်းကျောင်းသားတစ်ဦး၊ ထားဝယ်မြို့။

DW ။ Vape (အီးစီးကရက်) ဘယ်ကနေ စသုံးဖြစ်သွားတာလဲ။

ဖြေ ။ ကျောင်းကသူငယ်ချင်းက ပေးသုံးလို့ စသုံးဖူးတာ။ တစ်ပတ်နှစ်ပတ်လောက်ပဲ သုံးရသေးတယ်။ အိမ်ကသိသွားလို့ မသုံးရတော့ဘူး။ ပစ္စည်းတွေအိမ်က အကုန်သိမ်းလိုက်တာ။

DW ။ ကျောင်းမှာ Vape သုံးတဲ့သူတွေရှိလား။

ဖြေ ။ ရှိတယ်။ ကျောင်းကိုယူလာလို့ ဆရာမသိမ်းတာတောင် တော်တော်များတယ်။ အခုနောက်ပိုင်း ကျောင်းကို ယူမလာကြတော့ဘူး။ ဆရာမသိမ်းမှာကြောက်လို့ အိမ်မှာပဲထားကြတော့တယ်။ အရင်ကဆိုရင် လည်ပင်းမှာဆွဲပြီးတောင် သွားနေကြတာရှိတယ်။

DW ။ Vape သောက်ရတာဘယ်လိုနေလဲ။

ဖြေ ။ ကောင်းတယ်။ လိမ္မော်တွေရော စပျစ်တွေရော အရသာမျိုးစုံရှိတယ်။

DW ။ Vape သုံးနေတာကို အိမ်ကဘယ်လိုသိသွားတာလဲ။

ဖြေ ။ အရင်ကဆိုရင် ကျွန်တော်က ကျောင်းပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ အပြင်လျှောက်သွားလေ့ရှိတယ်။ အခုက အိမ်က အပြင်မလွှတ်တော့ဘူး။ အပြင်လျှောက်သွားနေရင် အန္တရာယ်များလို့ဆိုပြီး မသွားခိုင်းဘူး။ အိမ်ထဲမှာပဲနေရတော့ ပျင်းတယ်လေ။ အဲဒါကြောင့် ကျောင်းကသူငယ်ချင်း (Vape) ဟာ အိမ်ခဏငှားလာပြီး သုံးနေတာ အဲဒီမှာမိသွားတယ်။ အိမ်မှာလူကြီးတွေ အပြင်သွားနေတယ်ထင်ပြီး အခန်းထဲမှာ သုံးနေတာ အဲဒါမြင်သွားတယ်။ အဖေကကျတော့ ဆေးလိပ်သောက်တယ်ထင်ပြီး ဆူတာ။ ဆေးလိပ်မဟုတ်ဘူးပြောပြတော့ ဆေးခြောက်ဆိုပြီး တစ်ခါထင်တာ။ အမေကပါ တစ်ခါလာပြီး ဆေးရှူနေတယ်ပေါ့။ အဲဒီလိုမျိုးပြောပြီး ဆူတာပေါ့ကျွန်တော်ကို။

DW ။ အိမ်ကဆူတာလောက်ပဲလား။ တခြားဘာတွေပြောသေးလဲ။ Vape သုံးတာက ကျန်းမာရေးထိခိုက်နိုင်တယ်တို့ အဲဒီလိုမျိုး ပြောပြသေးလား။

ဖြေ ။ အိမ်ကတော့ Vape ကနေ မူးယစ်ဆေးသုံးတတ်သွားမှာကို စိတ်ပူပြီးတော့ ပြောတာပဲရှိတယ်။ အဖေကတောင် ပြောသေးတယ်။ ဒီဟာက ဆေးလိပ်ဖြတ်တဲ့ဟာပဲ အန္တရာယ်မရှိပါဘူးဆိုပြီး။

DW ။ Vape သောက်ရင် ကျန်းမာရေးထိခိုက်နိုင်တယ် အဲဒီလိုမျိုးတွေကြားဖူးလား။

ဖြေ ။ ဆရာမပြောတာတော့ ကြားတယ်။ ‌သူငယ်ချင်းတွေကတော့ ဘာမှမဖြစ်ဘူးလို့ပြောတယ်။

DW ။ ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။

“ကိုယ့်ရှေ့မှာ တစ်ယောက်ယောက်က လာသောက်ပြရင် သောက်ချင်လာတယ်”

အသက် ၂၄နှစ်အရွယ် ထားဝယ်မြို့ခံ အင်ဂျင်နီယာကျောင်းသားတစ်ဦး။

DW ။ ဘယ်အချိန်ကတည်းက Vape ကို စသိပြီး သုံးတာလဲ။ အခုအထိသုံးဖြစ်နေသေးလား။

ဖြေ ။ ၂၀၂၂ လောက်ကတည်းက စသုံးဖြစ်တယ်။ အခုထိလည်း သုံးပါတယ်။ တလောက streamer (တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ) မိန်းကလေးတစ်ယောက် Vape အသောက်များလို့ သေပြီးတဲ့နောက်မှာတော့ နည်းနည်းလျှော့ဖြစ်တယ်။

DW ။ Vape က စွဲလား ။ ဖြတ်မယ်ဆို ဖြတ်လို့ရလား။

ဖြေ ။ စွဲလားဆိုတော့ ရူးရူးမူးမူး စွဲတာမျိုးတော့ မဟုတ်ဘူး။ ဆေးလိပ်သမား ဆေးလိပ်ငတ်သလိုပဲ။ မသောက်ဘဲလည်း နေနိုင်တယ်။ ဒါပေမဲ့ ကိုယ့်ရှေ့မှာ တစ်ယောက်ယောက်က လာသောက်ပြရင် သောက်ချင်လာတယ်။ အဲဒီတစ်ခုတော့ရှိတယ်။ ဖြတ်မယ်လုပ်လိုက် အဲဒီလိုဖြစ်လိုက်နဲ့ မဖြတ်ဖြစ်သေးဘူး။ လျှော့တော့လျှော့နေတယ်။

DW ။ ဘာကြောင့် စွဲသလိုခံစားရလဲ။

ဖြေ ။ Vape က အစတုန်းက ဆေးလိပ်အစားထိုး အီလက်ထရောနစ်စီးကရက်ဆိုပြီး စပေါ်တယ် ။ နောက်ပိုင်း အနံ့အရသာ စုံလာတယ်။ ပြီးတော့ ဆေးလိပ်မှာပါတဲ့ နီကိုတင်းလိုမျိုး စွဲလန်းစေတတ်တာတွေ ပါလာတာကြောင့် စွဲသလို ဖြစ်တယ်လို့ ထင်တယ်။

DW ။ ဆေးလိပ်နဲ့က ဘာကွာလဲ။

ဖြေ ။ ဆေးလိပ်နဲ့ ကွာတာက အများကြီးပဲ။ ပထမအချက်က ဆေးလိပ်လို ပါးစပ်မနံဘူး။ အဲဒီအချက်ကြောင့် လူ့အသိုင်းအဝိုင်းက ဆေးလိပ်သမားထက် Vape သမားက ပိုလက်ခံချင်သလို ဖြစ်တယ်ပဲထင်တယ်။ ဆေးလိပ်သမားတစ်ယောက် ဆေးလိပ်သောက်ရင် ဘေးကအနံ့ မခံနိုင်ဘူး။ Vape က အဲဒီလိုမဟုတ်ဘူးလေ။ ဘေးမှာ လာသောက်နေရင် မွှေးနေတယ်။ ဒါပေမဲ့ Vape က အငွေ့ပိုထွက်တယ်။ ဆေးလိပ်ဆို လေးငါးခါ ရှိုက်ပြီး မှုတ်လိုက်ရင် ကုန်ပြီလေ။ Vape က တစ်ခါရှိုက်ရင်တောင် အငွေ့က အများကြီးထွက်တယ်။ လေထုထဲ အငွေ့သိပ်သည်းဆကတော့ Vape က ပိုများများထွက်တယ်။ ပြီးတော့ စျေးချိန်ဆကြတာပေါ့။ လူကြိုက်များတဲ့ ဆေးလိပ်တစ်လိပ် အခုသွားဝယ်ကြည့် တစ်လိပ် ၄၀၀ (ကျပ်) ၊ တစ်ရက်ကို ငါးလိပ်သောက်၊ တစ်လဆိုရင် ဆေးလိပ်ဖိုး ခြောက်သောင်းလောက်ထိတယ်။ Vape ကတော့ သောင်းကျော်တန်ကနေ စရှိတယ်။ Vape တစ်ခုဆို တစ်ပတ် ဆယ်ရက်လောက်ခံတယ်။ တစ်လ ၃ ခုလောက် သောက်ရင်တောင် ဆေးလိပ်ဖိုးကို မမီသေးဘူး။ ပြီးတော့ လူငယ်တွေအကြားက စတိုင်ကျတယ်။ စမတ်ကျတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ဆေးလိပ်နဲ့ကွာတယ်။

DW ။ Vape အမျိုးအစားတွေ ပြောပြပါလား။ စျေးကွက်မှာရော ပေါလား။

ဖြေ ။ Vape က သုံးမျိုးရှိတယ်။ တစ်ခါဝယ်ပြီးသုံးပြီး ပစ်လိုက်ရတာက တစ်မျိုး၊ ဘတ္ထရီနဲ့ အားသွင်းရတဲ့ ကိုယ်ထည်နဲ့ ခေါင်းပါပြီး ခေါင်းမှာအငွေ့မှုတ်တဲ့ အချက်ရေကုန်ရင် ခေါင်းအသစ်ဝယ်တပ်ရတာကတစ်မျိုး၊ အရည်ပြန်ဖြည့်ရတာ တစ်မျိုး၊ သုံးမျိုးရှိတယ်။ အနံ့အရသာကအမျိုးမျိုးရှိတယ်။ အပြင်မှာ မကြုံဖူးလို့ ပြောပြမတတ်တဲ့ အရသာတောင်ရှိတယ်။ အခုသောက်ဖြစ်နေတဲ့အရသာဆိုရင် Energy drink (အားဖြည့်အချိုရည်အရသာ) အနံ့မျိုးသောက်ဖြစ်နေတယ်။ Vape က အချက်ရေနဲ့ စျေးကွာတယ်။ အချက်ရေ ငါးထောင်၊ တစ်သောင်း၊ တစ်သောင်းခွဲပါကြတယ်။ စျေးကလည်း (ကျပ်) တစ်သောင်းကျော်တန်ကနေ ကိုးသောင်း၊ တစ်သိန်းကျော်အထိရှိတယ်။ အဲဒီထက်စျေးကြီးတာလည်း တစ်ခါတွေ့ဖူးတယ်။ Weed (ဆေးခြောက်) အရသာနဲ့ နှစ်သိန်းကျော်တန် သူများဆီမှာ တစ်ခါပဲတွေ့ဖူးတယ်။ အဲဒီထက်စျေးကြီးတာလည်း ရှိချင်ရှိမှာပေါ့။ ကျွန်တော်တော့ နှစ်သိန်းကျော်တန်အထိပဲ တွေ့ဖူးသေးတယ်။ ဝယ်ရတာက မခက်ဘူး။ Online က မှာမလား ရောင်းသူတွေပေါနေရောပဲ။ မိန်းကလေးငယ်ငယ်လေးတွေ ရောင်းတာတောင်ရှိသေးတယ်။ ရန်ကုန်မှာဆို လမ်းမှာရှိတဲ့ Mini Mart တွေမှာ တောင်တင်ထားကြတယ်။ ကုန်တိုက်အကြီးတွေမှာတော့ တွေ့ရခဲတယ်။ ဝယ်ရတာ ပေါတယ် ပြောရမယ်။ တရားဝင်လား မဝင်လားတော့ ပြောမတတ်ဘူးပေါ့လေ။ Vape ကြောင့် အရေးယူခံရတာတော့ မကြားဖူးသေးဘူး။

DW ။ Vape က မူးယစ်ဆေးတစ်ခုခုလို မူးလား၊ လွှင့်လား။ တခြားရော ဘယ်လိုခံစားရလဲ။

ဖြေ ။ အဲဒီလောက်တော့ မဟုတ်ပါဘူး။ သာမန်အရသာနဲ့ Vape တွေက နည်းနည်းသောက်ချင်လာရင် သွားသောက် လိုက်တယ် အဲဒီလောက်ပါပဲ။ အထီးကျန်တာ ဘာညာတော့ စိတ်ပြေလက်ပျောက်ပေါ့။ ခုနက ပြောတဲ့ Weed (ဆေးခြောက်) အရသာနဲ့ Vape ကတော့ သူငယ်ချင်းက ပေးသောက်လို့စမ်းလိုက်တာ အာရုံခဏတော့ လွှင့်သွားတယ်။ အာရုံပြန်ရတာနဲ့ ဘေးက သူငယ်ချင်းတွေက အကုန်ကနေကြတယ်။ အဲဒီလိုတော့ တစ်ခါဖြစ်ဖူးတယ်။ ပြီးတော့ တန်ဆေးလွန်ဘေး ရှိတယ်။ အသောက်များရင် မော(မူး)တယ်။ ဘီယာမူးသလို ခေါင်းထဲကမူးတာ မဟုတ်ဘူး။ ကွမ်းစ စားကာစမှာ ကွမ်းမူးသလို ဝမ်းထဲက လှိုက်ပြီး မောတာ။ အဲဒီလိုဆိုရင် ရေသောက်ချ၊ တစ်ခုခုစားလိုက်မှ အဆင်ပြေသလို ဖြစ်သွားတယ်။

DW ။ Vape က တွင်ကျယ်လာလား။ ပတ်ဝန်းကျင်မှာရော ဘယ်နှစ်ယောက်လောက် သောက်နေလဲ။

ဖြေ ။ မြို့မှာတော့ ပိုတွင်ကျယ်တယ်။ နယ်ဘက်တွေမှာလည်း အခုဆို ဆံပင်ညှပ်ဆိုင်တွေမှာ အရောင်းတင် လာတာ တွေ့ရတယ်။ ဘယ်လိုပြောရမလဲ အခြေခံလူတန်းစားကျတော့ Vape တွေ ဘာတွေ မသိဘူး။ ဆေးလိပ်၊ ကွမ်းယာလောက်ပဲ သိတယ်။ လူလတ်တန်းစားနဲ့ သုံးနိုင်ဖြုန်းနိုင်တဲ့အုပ်စု အထူးသဖြင့် လူငယ်ကြားမှာတော့ အခုနှစ်ပိုင်း ပိုတွင်ကျယ်တယ်။ သူငယ်ချင်း ဆယ်ယောက်အုပ်စုမှာ နှစ်ယောက်လောက်ကတော့ Vape သုံးတာတွေ့ရတယ်။ ရန်ကုန်မှာဆို မိန်းကလေးတွေ ပိုအသုံးများကြတယ်။ Night life ကလူတွေ ပိုသုံးတယ်ပြောရမယ်။ နယ်မှာဆိုရင်တော့ အထူးအဆန်းဖြစ်မှာပေါ့။ ရန်ကုန်မှာ ကတော့ အထာကျတယ်ဖြစ်သွားရော။ လူကြီးတွေ အသောက်နည်းတယ်။ သောက်တာတွေ့ရခဲတယ်။ ပြီးတော့ Vape က ဆေးလိပ်အစားထိုးလို့ ပြောတယ်မလား။ တစ်ကယ်က Vape သောက်တဲ့သူအများစုက ဆေးလိပ်လည်း မဖြတ်နိုင်ဘူး။ လူမြင်ကွင်းမှာတော့ Vape သောက်ပြီး လူကွယ်ရာမှာတော့ ဆေးလိပ်ပြန်သောက်တယ်။ အဲဒီလိုအများစုပါပဲ။ ဆေးလိပ်တစ်ကယ် ဖြတ်နိုင်တဲ့အရာမဟုတ်ဘူး။

DW ။ Vape က ကျန်းမာရေးထိခိုက်တယ်လို့သိရဲ့လား။ တစ်လမှာ ဘယ်နှစ်ခုလောက်သောက်ဖြစ်လဲ။ အခုလျှော့ထားတယ်ဆိုတော့ ဘယ်လောက်လျှော့ထားလဲ။

ဖြေ ။ သိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်တွေ ပြောပြတာ၊ သတင်းတွေမှာ ဖတ်ရတာလည်း ရှိတယ်။ ဒါပေမဲ့ အသိပညာပေးမှုက မတွင်ကျယ်ဘူးလို့မြင်တယ်။ အစကပြောခဲ့သလို streamer မိန်းကလေး သေတဲ့ကိစ္စလိုမျိုး ကြားရမှ နည်းနည်းတုန်လှုပ်မိတာမျိုးပါ။ တစ်လကို သုံးခုလောက်တော့ သောက်ဖြစ်ပါတယ်။ လျှော့ထားတာမကြာသေးတော့ လျှော့ထားတဲ့ ပမာဏကိုတော့ ပြောပြမတတ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း သိနေတာက ဒါတွေလုပ်ထားမိတော့ အဆုတ်တွေကတော့ ပုံမှန်မဟုတ်ဘူးဆိုတာကတော့ သိပါတယ်။ အဲဒါကြောင့်လည်း ညနေဘက် ပြေးတာ၊ လေ့ကျင့်ခန်း လုပ်တာလေးတွေတော့ ပြန်ပြန်လုပ်ဖြစ်နေပါတယ်။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

‌”(Vape)ကိုယ်ပိုင်ဝယ်ပြီးသုံးဖို့ဆိုပြီး (အိမ်က) ပိုက်ဆံနှိုက်သွားတာ။ အဲဒီပစ္စည်းကလည်း တစ်ခုကို ကိုးသောင်း(ကျပ်) လောက်ပေးရတယ်”

အခြေခံပညာကျောင်းသားမိဘတစ်ဦး၊ ထားဝယ်မြို့။

DW ။ ကိုယ့်ကလေးတွေ Vape သုံးနေတာ ဘယ်လိုသိသွားတာလဲ။

ဖြေ ။ အိမ်မှာ ကျောင်းသားက ခြောက်ယောက်ရှိတာ။ နယ်ကနေလာထားထားတဲ့သူက လေးယောက်၊ အိမ်ကနှစ်ယောက်နဲ့ ခြောက်ယောက်ပေါ့။ အိမ်မှာရှိတဲ့ ယောကျ်ားငါးယောက်က (ကျောင်းသားငါးယောက်ကိုဆိုလို) Vape သုံးနေကြတာ အိမ်က လုံးဝမသိဘူး။ သူတို့အချင်းချင်းညှိထားကြတာနေမှာပေါ့။ အိမ်မှာ ပိုက်ဆံပျောက်လို့ စစ်ရင်းကနေ အဲဒါပေါ်ထွက်လာတာ။

DW ။ Vape သုံးဖို့အိမ်က ပိုက်ဆံယူသွားတာမျိုးလား။

ဖြေ ။ အဲဒါပဲနေမှာပေါ့။ စစ်လိုက်တော့ သူတို့က အခုမှစသုံးမယ့်သူတွေ။ အရင်က သူ့သူငယ်ချင်းဟာ ငှားပြီးသုံးနေကြတာ။ အခုမှ ကိုယ်ပိုင်ဝယ်ပြီးသုံးဖို့ဆိုပြီး ပိုက်ဆံနှိုက်သွားတာ။ အဲဒီပစ္စည်းကလည်း တစ်ခုကို ကိုးသောင်း (ကျပ်) လောက်ပေးရတယ်ဆိုတာကိုး။

DW ။ Vape သုံးနေတာမြင်တော့ ဘာဖြစ်လို့တားလိုက်တာလဲ။

ဖြေ ။ အဲဒီကနေပြီးပဲ မူးယစ်ဆေးသုံးတတ်လာမှာလေ။ မတားလို့ ရမလား။

DW ။ Vape ကို မူးယစ်ဆေးလို့ထင်တာလား။ ဘယ်လိုသိထားလဲ။

ဖြေ ။ ဆေးလိပ်ဖြတ်တဲ့ပစ္စည်းလို့တော့ သိတယ်။ သိတယ်ဆိုတာကလည်း အခုမှသိတာပါ။ အရင်က ကြားကို မကြားဖူးဘူး။ သူများတွေ လိုက်မေးကြည့်တော့ ဆေးလိပ်ဖြတ်တဲ့ပစ္စည်းမှန်းသိတာ။ ကိုယ်တောင်မှ သူတို့ဆီကတောင်းပြီး စမ်းကြည့် လိုက်သေးတယ်။ အန္တရာယ်မရှိမှန်းတော့သိပေမယ့် အဲဒီကနေပဲ မူးယစ်ဆေးသုံးတတ်သွားမှာ ကြောက်တာ။ အခုခေတ်မှာ သားရှင်မိခင်ဖြစ်ရတာ မလွယ်ပါဘူး။ ထိန်းရတယ်ဆိုတာလေ သူတို့တတွေကို။

DW ။ ကလေးတွေက ကျောင်းပိတ်တော့ အပြင်မထွက်ရလို့ ပျင်းတာနဲ့ Vape သုံးကြတယ်လို့ ပြောတာရှိတယ်။ ဘာလို့အပြင်မထွက်စေချင်တာလဲ။

ဖြေ ။ အခုခေတ်အခြေအနေလည်း သိတဲ့အတိုင်းပဲလေ။ သူတို့က စက်ဘီးတစ်စီးနဲ့ မြို့ပတ်နေတာ။ ထားဝယ်မြို့တောင် သေးသေးလေးဖြစ်သွားတယ်။ မြို့ထဲမှာတင် မဟုတ်တော့ဘဲ မြို့ပြင်တွေအထိပါ စက်ဘီးတစ်စီးနဲ့ လျှောက်သွား နေကြတာလေ။ အခုကလည်း မြို့ထဲမှာတောင် တိုက်ပွဲတွေဖြစ်နေတာဆိုတာ သိတယ်မဟုတ်လား။ သူတို့လျှောက်သွားနေချိန်နဲ့တိုးရင် ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့် စက်ဘီးပါသိမ်းထားလိုက်တာ။ စက်ဘီးလည်း သိမ်းလိုက်ရော Vape ပြဿနာဖြစ်တော့တာပဲ။

DW ။ တခြားကျောင်းသားတွေရော Vape သုံးတာကြားရသေးလား။

ဖြေ ။ အိမ်မှာ အခုဖြစ်လို့ လိုက်မေးစမ်းကြည့်တော့သုံးတဲ့သူတွေ တော်တော်များများရှိတာသိရတယ်။ ပြီးတော့ သူတို့ပစ္စည်းက ဝယ်ရတာလည်း လွယ်လွယ်လေးပါလား။ ‌WY (မူးယစ်ဆေး) တွေလိုမျိုး ခိုးကြောင်ခိုးဝှက် ဝယ်ရတာလည်း မဟုတ်ဘူး။ အဲဒီတော့ သုံးတဲ့သူပေါမှာပေါ့လို့ ကိုယ့်ဘာသာတွေးနေရသေးတယ်။

DW ။ Vape က ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ အခန့်မသင့်ရင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်တယ်ဆိုတာမျိုး သိထားတာရှိလား။

ဖြေ ။ အဲဒီလောက်အထိတော့ မသိဘူး။ သူများတွေက အန္တရာယ်မရှိဘူးပြောတော့ ကိုယ်လည်းအန္တရာယ်မရှိဘူးပဲသိတယ်။ ဆေးလိပ်ဖြတ်တဲ့ပစ္စည်းက အဲဒီလောက်အထိ အန္တရာယ်ရှိတယ်ဆိုတာ မဖြစ်နိုင်ဘူးထင်တယ်။

DW ။ ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။